လယ်တောသူတို့ရဲ့ အလှမယ်ပြိုင်ပွဲ

ပို့စ်တင်ချိန် - 3/07/2014 09:48:00 AM


ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပန်ဒါဟိုတယ်မှာ ပဏာမအဆင့် ကျင်းပခဲ့တဲ့ လယ်တောသူအလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြသူများ။ သီရိလူ/မြန်မာတိုင်း(မ်)

မြင်နေကျတွေနဲ့ ကွဲထွက်နေတဲ့ ပြည်တွင်းအလှ မယ်ပြိုင်ပွဲလေး တစ်ခုပါ။ ဒေါက်မြင့်ဖိနပ်တွေ၊ ညနေခင်းပွဲတက်ဝတ်စုံဒီဇိုင်းအဆန်းတွေ ၀တ်ဆင်ထားတာ မတွေ့ရသလို သံစဉ်ခပ်မြူးမြူးကို
အဖော်ပြုလို့ စင်မြင့်ပေါ်မှာ မြောက်ကြွကြွ၊ လိမ်ဖည်ဖည်လျှောက်လှမ်းနေတဲ့ မြင်ကွင်းမျိုးလည်း
မပါဝင်တာကြောင့်ပဲ ဖြစ်ပါတယ်။

ပုရိသတွေ ရင်ဖိုစေမယ့် အဆင်အယင်တွေ အစား တောင်ယာလုပ်ငန်းခွင်ဝင်မယ့် လယ်တောသူ
တွေရဲ့ပုံစံသွင်ပြင်မျိုး၊ ချည်ထည်၊ ဖျင်ထည်လုံချည်ခပ်တိုတိုကို ရင်ဖုံး၊ ရင်စေ့အင်္ကျီနဲ့တွဲဝတ်လို့
ဝါးခမောက်ဆောင်းကာ ခြင်းတောင်းကြီးတွေ သယ်မလို့ ပြိုင်ပွဲဝင်မိန်းမပျိုလေးတွေရဲ့အလှက
မြင်ရသူကို အားအင်တိုးပြီး ရင်အေးစေပါတယ်။

နာမည်ကျော်ဈေးမြင့်တဲ့ မိတ်ကပ်အပြင်အဆင်တွေအစား မြန်မာ့ရိုးရာသဘာဝသနပ်ခါးကို
မျက်နှာပြင်တွေသာမက လက်၊ ခြေ တို့ကိုပါ ဖုံနေအောင် လိမ်းကျံထားကြတာကိုလည်း တွေ့ရပါ
တယ်။

စင်မြင့်ပေါ်မှာလည်း သမားရိုးကျမော်ဒယ် ပြိုင်ပွဲတွေလိုမျိုး လှတပတလေး အနေအထားနဲ့ ရပ်နေ၊
လျှောက်နေရုံနဲ့ မပြီးနိုင်ဘဲ အမှတ်ပေး သရုပ်ဖော်ပြကွက်တွေဖြစ်တဲ့ မျိုးစေ့ကြဲပုံ၊ ကောက်စိုက်ပုံ၊
ရေလောင်းပေါင်းသင်ပုံနဲ့ ကောက်ရိတ်သိမ်းပုံ စတဲ့အမူအရာတွေကို လယ်ယာသုံး အထောက်အကူ
ပြုပစ္စည်းတွေ ကိုင်ဆောင်လို့ သဏ္ဌာန်လုပ်သရုပ်တူအောင် ဖော်ကျူးရပါသေးတယ်။

ဒါကတော့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချူပ်နဲ့ မြန်မာနိုင်ငံ
ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ကြီးမှူးကျင်းပတဲ့ လယ်တောသူ အလှမယ်ပြိုင်ပွဲမှာပဲ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြိုင်ပွဲဝင်အလှမယ် အယောက် ၅၀ ထဲကနေ အယောက် ၃၀
ကို ရွေးချယ်တဲ့ပွဲကို ပန်ဒါဟိုတယ်မှာပြုလုပ်ခဲ့တာပါ။

အဲဒီအယောက် ၃၀ ကနေ အလှမယ် ၁၀ ယောက်ကို နောက်ထပ်ရွေးချယ်သွားမှာဖြစ်ပြီးတော့
နောက်ဆုံး ဆန်ခါတင် သုံးယောက်ရွေးချယ်ပွဲကိုတော့ မြန်မာ့ လယ်ယာထွက်ကုန်တန်ဖိုးမြင့်
စက်ကိရိယာပြပွဲနဲ့အတူ မြန်မာကွန်ဗင်းရှင်းစင်တာမှာ အခုလ ၅ ရက်ကနေ ၈ ရက်နေ့ထိ
သုံးရက်တာကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီလယ်တောသူအလှမယ်ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စတင်ပြုလုပ်ခဲ့
တာပါ။

အဲဒီပြိုင်ပွဲက မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ တောင်သူလယ်သမားအသင်းတွေ၊ ကုန်သည်တွေ၊
ထုတ်လုပ်သူများ အသင်းတွေအပြင် တောင်သူလယ်သမားတွေကြားထဲမှာပါ အောင်မြင်မှုရခဲ့တာ
ကြောင့် ဒီနှစ်မှာလည်း နောက်ထပ် ကျင်းပဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြိုင်ပွဲဝင်တွေအနေနဲ့လည်း အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား၊ ကိုယ်အလေးချိန်ပေါင် ၁၁၀ ရှိရမှာ
ဖြစ်တဲ့အပြင် အရပ် ငါးပေ နှစ်လက်မ အနည်းဆုံးဆိုပြီး သတ်မှတ်ထားပါတယ်။

ပညာရေး၊ ဘာသာရေးကန့်သတ်ချက်တွေ မပါရှိတာကြောင့် မြန်မာနိုင်ငံအနှံ့အပြားက ဘယ်သူမဆို
လာရောက်ယှဉ်ပြိုင်နိုင်တဲ့ပွဲလေးပဲဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ဒိုင်အဖြစ်လုပ်ဆောင်နေတဲ့ သစ်စက်နဲ့ သစ်အခြေခံပစ္စည်း ထုတ်လုပ်ရောင်းချနေတဲ့
Johnny Brothers ကုမ္ပဏီက ဒါရိုက်တာ ဒေါ်အေးမာဦးကတော့ ဒီပြိုင်ပွဲကို ပြုလုပ်ခြင်းအားဖြင့်
တောင်ယာလုပ်ကိုင်နေတဲ့ လယ်တောသူတွေရဲ့ဘ၀နဲ့ နေထိုင်မှုပုံစံတွေကို ပြည်သူလူထုကို
သိရှိစေဖို့နဲ့ လယ်တောသူတွေရဲ့ဘ၀ကို မြှင့်တင်စေနိုင်တယ်လို့ ဆိုပါတယ်။

"ဒီပြိုင်ပွဲက မြန်မာနိုင်ငံက တခြားအလှမယ်ပြိုင်ပွဲတွေနဲ့ မတူပါဘူး။ ဒီပြိုင်ပွဲအတွက် အသားအရေ
ကောင်းပြီး ရုပ်ချောတဲ့အလှမယ်တွေအစား ကျန်းမာပြီး ကြံ့ခိုင်သန်စွမ်းတဲ့ မိန်းကလေးတွေကို
အဓိကထားပြီး ရွေးချယ်သွားမှာပါ" လို့ သူက ဆိုပါတယ်။

အနီရောင်အကွက် မြန်မာဝတ်စုံ၊ ၀ါးခမောက်တို့ကို ဆင်ယင်လို့ သနပ်ခါးလိမ်းကျံထားပြီး
စကားပြောသွက်လက်ကာ ပဲခူးတိုင်းကိုယ်စားပြုအဖြစ် လာရောက်ယှဉ်ပြိုင်တဲ့ အသက် ၂၃ နှစ်
အရွယ် ပြိုင်ပွဲဝင် မအိနန္ဒာကတော့ ဒီလိုပြိုင်ပွဲကို ကျင်းပပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာရ
တယ်လို့ ဆိုပါတယ်။

"မြို့ကြီးပြကြီးတွေမှာနေတဲ့ တချို့သူတွေက လယ်သမားဆိုရင် အထင်သေးကြတယ်။ ကျွန်မက
တောင်သူလယ်သမားမျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်တဲ့အတွက် အဲဒီလိုတော့ မခံစားမိပါဘူး။
ဒီလိုပြိုင်ပွဲတွေရှိလာလို့ ကျွန်မတို့ တောင်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အရေးပါတဲ့သူလို့
ခံစားမိလာတယ်"လို့ မျက်ရည်တွေဝဲလို့ ပြောပါတယ်။

အဘိုးဖြစ်သူကစလို့ မိသားစုနဲ့အတူ သူကိုယ်တိုင်လည်း တောင်ယာလုပ်ငန်း လုပ်ကိုင်တာကြောင့်
တောင်ယာနဲ့ပတ်သက်တဲ့ သရုပ်ပြကွက်တွေအပြင် လယ်တောထဲမှာ နေ့လယ်စာ စားသောက်တဲ့
ပုံစံကို တောင်ယာဓလေ့ ပီပြင်အောင် ဖက်နဲ့ထုပ်ပြီး စားသောက်တဲ့ပုံစံထမင်း၊ ငရုတ်သီး၊
ကန်စွန်းရွက်၊ ခရမ်းချဉ်သီး ရေလုံပြုတ်နဲ့ အကြမ်းရည်အိုးကို တောင်းကြီးထဲကနေ ထုတ်လို့
စားသောက် သရုပ်ဆောင်ဟန်ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူလေးဖြစ်ပါတယ်။

နောက်တစ်ဦးဖြစ်တဲ့ မွန်ပြည်နယ်ကိုယ်စားပြုသူ နန်းသန်းသန်းဌေးကတော့ တောင်ယာလုပ်ကိုင်တဲ့
သူဖြစ်တဲ့အတွက် သူ့ကိုယ်သူ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

"ကျွန်မနဲ့ ကျွန်မမိသားစုက တောင်ယာပဲလုပ်ကိုင်စားသောက်ကြတာပါ။ တောင်သူဖြစ်တဲ့အတွက်
တစ်နေ့တစ်နေ့လုပ်စရာဆိုတာ အများကြီးပါ။ ကျောင်းလည်း တစ်ဖက်တက်ရင်း မိဘကိုလည်း
ကူညီလုပ်ကိုင်ရပေမယ့် ယာစိုက်ရလို့ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ် မကျပါဘူး။
ကျွန်မက ကိုယ့်ကိုယ်ကိုယ်လည်း တိုးတက်အောင် အမြဲတမ်း ကြိုးစားတယ်။ ကျွန်မ တိုးတက်
ကြီးပွားမှ ကျွန်မမိသားစုလည်း ချမ်းချမ်းသာသာနေရမှာ"လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီး ကရင်လူမျိုးဖြစ်တဲ့ နန်းသန်းသန်းဌေးက သူမကိုယ်တိုင် ၀ါးနဲ့ပြုလုပ်
ထားတဲ့ တူရွင်းငန်းပြားနဲ့ ကျင်းတူးပြီး မျိုးစေ့ချဖို့ ပြင်ဆင်နေတဲ့ သရုပ်ဖော်ပြကွက်ကို ပြုလုပ်သွား
သူပါ။ ဒါ့ပြင် မျိုးစေ့ကြဲပုံတွေ၊ စပါး စိုက်ဟန်တွေ၊ ကောက်ရိတ်သိမ်းပုံတွေကို တံစဉ်းကိုင်လို့
ကျင်လည်စွာနဲ့ ပြသသွားပါသေးတယ်။

"ကျွန်မက အပင်တွေနဲ့ အချိန်ကုန်ရတာကို ကြိုက်သလို လယ်လုပ်လို့လည်း ကျွန်မအနေနဲ့
တက္ကသိုလ်ကို သူများတွေကို တက်နိုင်ခဲ့တာပါ"လို့ ဆိုပါတယ်။

လက်ရှိမှာ ဘွဲ့ရပြီးတာမို့ ရန်ကုန်မှာ အလုပ်လုပ်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

"ဒီပြိုင်ပွဲက ကျွန်မဘ၀အတွက် အောင်မြင်ဖို့ လမ်းစတစ်ခုဖြစ်တယ်လို့ ယုံကြည်တယ်" လို့လည်း
သူက ပြောပါသေးတယ်။

လယ်သမားတွေ ဘ၀ကိုတန်ဖိုးထားတာကြောင့် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသူတွေ လည်းရှိသလို
ဆုကြေးအမြင့်ဆုံးဖြစ်တဲ့ ရွှေ သရဖူ၊ ငွေကျပ်သိန်း ၅၀ အပြင် နိုင်ငံခြားခရီးစဉ်တွေကို
စိတ်ပါဝင်စားတာမို့ ခြေသည်းလက်သည်းရှည်တွေကို ရောင်စုံဆိုးဆေးတွေ ခြယ်သပြီး ပြိုင်ပွဲ
ခေါင်းစဉ်နဲ့ သွေဖည်နေတဲ့ အပြင်အဆင်၊ အမူအရာတွေနဲ့ တစ်ပွဲတိုး လာရောက်ယှဉ်ပြိုင်သူတွေ
လည်း ပါဝင်နေတာ တွေ့ရပါတယ်။

သူတို့တွေဟာ ကိုယ်ဟန်ပြမယ်အဆင့်တွေကို ဖြတ်သန်းနိုင်ပေမယ့် နောက်ဆုံး ဆန်ခါတင် ၁၀ ဦး
အဆင့် ယှဉ်ပြိုင်ချိန် လယ်ယာကဏ္ဍနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေမေးမြန်းတဲ့အခါမှာတော့
တစ်ပွဲတိုးတွေနဲ့ လယ်ယာလုပ်ငန်းကို စိတ်မ၀င်စားအားနည်းသူတွေအတွက် ပျာယီးပျာယာနဲ့
ကျရှုံးမယ့်အချိန်လို့ပဲ ထင်မြင်မိပါတယ်။

နန္ဒာအောင်
မြန်မာတိုင်း(မ်)