အွန်လိုင်းမှ ခရီးသွားလက်မှတ် ဝယ်ယူနိုင်ရန် ရတနာပုံတယ်လီပို့စီစဉ်

ပို့စ်တင်ချိန် - 3/04/2014 07:11:00 PM


အများနှင့် သက်ဆိုင်သော ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်သည် အွန်လိုင်းမှတစ်ဆင့် ခရီးသွား လက်မှတ်များ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

“အစီအစဉ်က လုပ်နေတုန်းပဲ။ ယာဉ်လိုင်းတွေနဲ့လည်း လိုက်ပြီးစကားပြောနေရတယ်။ ဒါလုပ်မယ်ဆိုရင် အင်တာနက်စနစ်တွေကလည်း ရှိနေမှ ဖြစ်မှာ။ ကိုယ်တွေက အင်တာနက် လိုက်ချိန်ပေးဖို့ဆိုတာလည်း မဖြစ်သေး” ဟု ရတနာပုံ တယ်လီပို့ကုမ္ပဏီလီမိတက်မှ စီအီးအို ဦးတင်ဝင်းက ပြောသည်။

ခရီးသွားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူရာ၌ အဝေးပြေးယဉ်လိုင်းများအပြင် လေယာဉ် လက်မှတ်၊ ရထားလက်မှတ်၊ ရေယာဉ်လက်မှတ်များအတွက်ပါ စီစဉ်မည်ဟု သိရသည်။ “ငွေပေးချေမှုအတွက်ကတော့ ဘဏ်တွေနဲ့ ပူးပေါင်းပြီးလုပ်ရမှာပါ” ဟု ဦးတင်ဝင်းက ဆိုသည်။

လက်ရှိအချိန်၌ အွန်လိုင်းလက်မှတ် ဝယ်ယူခြင်းနှင့် ပတ်သက်၍ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်သည် busticket.yatanarpon.com.mm ကို လွှင့်တင်ထားသော်လည်း လက်မှတ်ဝယ်ယူနိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းကိုမှု စတင်နိုင်သေးခြင်း မရှိကြောင်း သိရသည်။ ဝက်ဘ်ဆိုက်အပြင်အဆင်အရ အဝေးပြေး လက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူရာတွင် ယာဉ်လိုင်းများ၊ ထိုင်ခုံများနှင့် အချိန်များကို ရွေးချယ်နိုင်ရန် စီစဉ်ထားသည်။

အွန်လိုင်မှတစ်ဆင့် ခရီးသွား လက်မှတ်များရောင်းချခြင်းကို ပြည်တွင်း၌ အခြားသောကုမ္ပဏီတစ်ခုက စတင်လုပ်ကိုင်ခဲ့သော်လည်း ဘဏ်စနစ်နှင့် အင်တာနက်စနစ်များ အသုံးပြုမှုတွင်ကျယ်ခြင်း မရှိခြင်းကြောင့် အောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။ ရတနာပုံတယ်လီပို့အနေဖြင့် အင်တာနက်စနစ်များ၊ ဘဏ်စနစ်များ အသုံးပြု တွင်ကျယ်လာသည့်အချိန်ကို စောင့်ဆိုင်းလုပ်ကိုင်နေခြင်းဖြစ်သော်လည်း မည်သည့်အချိန်၌ စတင် အကောင်အထည်ဖော်ဆောင်နိုင်မည်ကိုမူ တိကျစွာပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။


မြင့်ကျော်လှိုင်
Internet Journal