ဝါးခယ်မ (မြို့မဈေး) ညစောင့်သေဆုံးခြင်းကိစ္စ အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေး – ပေးစာ

ပို့စ်တင်ချိန် - 3/07/2014 12:45:00 PM


ဦးအောင်မင်းမှာ ၀ါးခယ်မမြို့၊ မြို့မဈေးကြီးတွင် မြို့နယ် စည်ပင်သာယာအဖွဲ့မှ ခန့်အပ်ထားသော ဈေးညစောင့် ၀န်ထမ်းတစ်ဦး ဖြစ်ပါသည်။ လွန်ခဲ့သော ၂၇-၁-၂၀၁၄ ရက်နေ့၊ နံနက် ၆ နာရီခန့် အချိန်တွင် ကျွန်မ ဒေါ်ခင်ဌေး နေထိုင်ရာ (လှေကျင်းရပ်ကွက်) နေအိမ်သို့ ဈေးညစောင့်ဝန်ထမ်း တစ်ဦး လာရောက်၍““နင့် ယောက်ျား ဆေးရုံတင်ထားရတယ်”” ဟု လာရောက် ပြောဆိုသဖြင့် ၀ါးခယ်မမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ရာ အရေးပေါ်ဌာန ခုတင်ပေါ်တွင် ကျွန်မ၏ယောက်ျား ဦးအောင်မင်းသည် ဦးခေါင်း ညာဘက်ခြမ်းတွင် ခေါင်းကွဲ ဒဏ်ရာ၊ ဘယ်ဘက်နားတွင် ညိုမဲဒဏ်ရာနှင့် နားအတွင်းမှ သွေးများ ကျနေသည်ကို တွေ့မြင်ရပါသည်။ ဆေးရုံပေါ် ရောက်သည့် အချိန်မှ သေဆုံးချိန်အထိ လုံးဝ စကား မပြောနိုင်ပါ။ ထိုအချိန်တွင် ဈေးတာဝန်ရှိသူမှ နင့်ယောက်ျား မူးလဲခြင်းသာ ဖြစ်ကြောင်း၊ အခြား ဘာမှ မတွေးနဲ့ဟု ခဏခဏ ကျွန်မအား ပြောပါသည်။

ကျွန်မ၏ ခင်ပွန်းဖြစ်သူမှာ ၂၈-၁-၂၀၁၄ ရက်နေ့၊ နံနက် ၁း၃၅ အချိန်တွင် သေဆုံးခဲ့ပါသည်။ ထိုနေ့မနက် ၈ နာရီခန့်တွင် ၀ါးခယ်မ ရဲစခန်း စခန်းမှူးမှ အထက်ပါဖြစ်ရပ်အား အမှုဖွင့်ထားကြောင်း ပြောပါသည်။ ကျွန်မလည်း ရဲစခန်းတွင် နှစ်ကြိမ်တိုင်တိုင် အစစ်ဆေး ခံခဲ့ရပါသည်။

သေဆုံးသူ ဦးအောင်မင်း ညစောင့် တာဝန်ယူနေသော ၂၆-၁-၂၀၁၄ တွင် ဦးမောင်ကြည်၏ (အလှကုန်ဆိုင်) အဖောက်ခံရပြီး ၎င်းနေရာနှင့် မနီးမဝေးတွင် ဦးအောင်မင်းမှာ သွေးအိုင်ထဲ လဲနေကြောင်း၊ သွေးများပေကျံနေ သော ထိုနေရာကို ဈေးတာဝန်ရှိသူက ရေဖြင့် ဆေးကြောခိုင်းခဲ့ပြီး ဦးအောင်မင်းအား ဆေးရုံသို့ ပို့ခိုင်းခဲ့ကြောင်း ဈေးသူဈေးသားများ၏ ပြောပြချက်အရ သိရှိရပါသည်။ မြို့မဈေးတွင် အမြဲညစောင့် ၄ ဦး ရှိပါသည်။

ထိုဖြစ်ရပ်တွင် ဦးအောင်မင်း သေဆုံးရသည်မှာ သာမန်မူးလဲ၍ သေဆုံးရသည် မဟုတ်ဘဲ လူသတ်မှုဟု သံသယ ဖြစ်ဖွယ် ရှိပါသည်။ ဦးအောင်မင်းမှာ ရိုးသားဖြောင့်မတ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ကြောင်း ဈေးသူ/ဈေးသားများ အားလုံးအသိ ဖြစ်ပါသည်။ ဦးအောင်မင်း သေဆုံးရသည့် ကိစ္စနှင့် ပတ်သက်၍ ယနေ့တိုင် အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေးပါ။ ဖြစ်ရပ်များအား သက်ဆိုင်ရာ ရဲစခန်းသို့ ချက်ချင်း အကြောင်းမကြားခြင်း၊ သက်သေခံ သွေးများအား ရဲစခန်း၏ ခွင့်ပြုချက်ဖြင့် မဟုတ်ဘဲ ရေဖြင့် ဆေးကြော ဖျောက်ဖျက်ခြင်းတို့သည် မမှန်မကန် လုပ်ထုံးလုပ်နည်း ဖြစ်ခြင်း၊ သေဆုံးသူသည် မြို့နယ် စည်ပင်သာယာ ၀န်ထမ်းတစ်ဦး ဖြစ်ပါ သော်လည်း ၀န်ထမ်းတစ်ဦး၏ ရပိုင်ခွင့်၊ ခံစားခွင့်များ လုံးဝမရရှိခြင်းတို့ကြောင့် သေဆုံးသူ၏ ဇနီးဖြစ်သူ ကျွန်မ ဒေါ်ခင်ဌေးနှင့်အတူ ဈေးသူ/ ဈေးသားများကလည်း မခံမရပ်နိုင် ဖြစ်နေရပါသည်။ တရားဥပဒေအတိုင်း မှန်မှန် ကန်ကန် ဆောင်ရွက်၍ အမှုအမြန် ပေါ်ပေါက်စေလိုကြောင်း နိုင်ငံတော် အကြီးအကဲများ သိစေရန် တင်ပြ လိုက်ရပါသည်။

ဇနီးဖြစ်သူဒေါ်ခင်ဌေး

Myanmar Thandawsint Newspaper