ရွှေရောင်၊ ငွေရောင် ထွက်ပေါ်သည့်ဗောဓိညောင်ပင် စေတီတည်ထားမည်

ပို့စ်တင်ချိန် - 3/19/2014 04:53:00 PM


မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)၊ ပုသိမ်၊ မတ်-၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငှက်ချေးချောင်းကျေးရွာမှ လယ်သမားမိသားစုတစ်စု၏ ဥယျာဉ်ခြံမြေအတွင်း ဗောဓိညောင်ပင် ထူးခြားစွာပေါက်ခဲ့ရာအနန်းကုန်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးစီးပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အလှူရှင်များစုပေါင်း၍ ကိုးန၀င်း ကိုးတောင်စေတီတစ်ဆူတည်ထားမည်ဟု သိရသည်။

အဆိုပါဗောဓိညောင်ပင်မှာ အရွက်အဖူးစတင်ထွက်ရှိချိန်၌ စိန်ဖူးပုံစံ ကဲ့သို့ဖြစ်နေပြီး အရွက်နုကလေးများမှ ရွှေရောင်၊ ငွေရောင်များ ထွက်ပေါ်နေပြီး ဗောဓိညောင်ရွက်များသည်လည်း တစ်နှစ်လျှင်
သုံးကြိမ်ခန့် အရောင်ပြောင်းလဲတတ်သည်။ ၀ါတွင်းလပြည့်၊ လကွယ်နေ့တိုင်း ဗောဓိညောင်ရွက်များသည်သူ့အလိုလို ရွက်ကတော့ထိုးသွားခြင်း၊ ဗောဓိညောင်ရွက်များ၏အရောင်သည်
နွေအခါ၌ စိမ်းပြာရောင်ကဲ့သို့လည်းကောင်း၊ မိုးအခါ၌ ညောင်ရွက် အဖျားပိုင်းသည် သိသိသာသာ ပိုမိုရှည်ထွက်လာကာ နီကြန့်ကြန့်ရောင် ကဲ့သို့ လည်းကောင်း၊ ဆောင်းအခါ၌အဖြူဖျော့ဖျော့အရောင်ကဲ့သို့
ပြောင်းလဲတတ်ကြောင်းနှင့် လာရောက်ကြည့်ရှုသူ နေ့စဉ်များပြားလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

" ဒီမြေတွေက ၀ယ်တုန်းကတော့ တစ်ကန့်စီဝယ်ခဲ့တာ။ နောက်ဆုံးအကန့် မှာမှ ဗောဓိညောင်ပင်က ၂၀၁၁ ခုနှစ်မှာ အလိုလိုပေါ်လာပြီး ၂၀၁၂ ခုနှစ်မှာ သပြေပင် လေးဆယ့်ရှစ်ပင် ထပ်ပေါ်လာတယ်။ နောက်လပိုင်းအကွာမှာ ကုက္ကိုပင်နဲ့ ပျဉ်းမပင် တွေလည်း ဗောဓိညောင်ပင်နဲ့ သပြေပင်အနားမှာ အလိုလိုပေါ်လာခဲ့တာ။ ပွဲထိုးပြီး ပူဇော်ခဲ့ရာကနေ နောက်ပိုင်း ၀န်ကြီးချုပ်ပါ လာကြည့်ပြီးတော့ ကိုးန၀င်းကိုးတောင် စေတီတော်တည်ထား ကိုးကွယ်ပူဇော်ဖို့ စီစဉ်ဖြစ်ခဲ့တာပါ "ဟု ဗောဓိညောင်ပင် ပေါ်လာသည့်
မြေနေရာကို စေတီတည်ရန် လှူဒါန်းခဲ့သူ အလှူရှင်လယ်သမား ဦးစိုးအောင်က ပြောဆိုသည်။

ထို့နောက် ကုန်းမြေပေါ်တွင် အနန်းကုန်းတောရကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဥုးကောသလ’ကပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ပြီး စေတီတော် တည်ထားကိုးကွယ်ပူဇော်ရေးအတွက် ထိုကုန်းမြေအား အောင်ဗောဓိကုန်း
ဟု အမည်ပေးရန် ဆရာတော်ကိုယ်တိုင် မိန့်ကြားခဲ့သည်ဟု သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ရှေးဦးစွာ လာရောက်ကြည့်ရှုခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင် လာရောက်ကြည့်ရှုခဲ့ရာမှ ယခုကဲ့သို့ ကိုးန၀င်းကိုး
တောင်စေတီတော် တည်ထားကိုးကွယ်ပူဇော်ရန် စီစဉ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

စေတီတည်ထားကိုးကွယ်မှုနှင့် ပတ်သက်၍ "စေတီတည်ပြီး ပူဇော်နိုင်ဖို့ အတွက် မြေပြင်မှ အမြင့်ခုနစ်ပေတက်ကာ ကိုးန၀င်းကိုးတောင်
စေတီတော် တည်ထားကိုးကွယ်ပူဇော်သွားမှာဖြစ်ပြီး စေတီတော် ပုံစံမှာလည်း ရွှေတိဂုံစေတီ တော်ပုံစံအတိုင်း တည်သွားမယ့်အပြင် ထီးတော်တင်ရာမှာလည်း မြတ်မော်တင်စွန်း စေတီတော်ထီးတော်အတိုင်း တင်လှူ ပူဇော်သွားမှာပါ။ ကိုးန၀င်းကိုးတောင်စေတီတော်ကို ကဆုန်လပြည့်နေ့မတိုင်ခင် အပြီးတည်ဆောက်ပြီးအဲ့ဒီစေတီမှာ
ညောင်ရေသွန်းပွဲတော် ကျင်းပသွားဖို့ စီစဉ်ထားပါတယ် " ဟု ပုသိမ်မြို့
နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပုသိမ်-ရွှေမြင်တင်-၀ါးယားချောင်း ကားလမ်းမဘေး ဇင်ပြွန်းကုန်း ကျေးရွာအုပ်စု ငှက်ချေးချောင်းကျေးရွာ
အောင်ဗောဓိကုန်း၌ တည်ထားကိုးကွယ်မည့် ကိုးန၀င်းကိုးတောင်
စေတီတော်အား အနယ်အနယ်အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းလိုပါက ဇင်ပြွန်းကုန်းကျေးရွာအုပ်စု အနန်းကုန်းတောရကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဥုးကောသလ’နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတို့သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။


စံတော်ချိန် နေ့စဉ်သတင်းစာ