ဆောက်လုပ်ရေး လုပ်ငန်းခွင် အောက်ဆီဂျင်အိုး ပေါက်ကွဲမှု နှစ်ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 3/02/2014 04:25:00 PM


Written by ဝိုင်းအောင်

မကွေး၊ မဇ္ဈိမ ။ ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သံဖြတ်နေစဉ်အတွင်း အောက်ဆီဂျင် ဓာတ်ငွေ့အိုး ပေါက်ကွဲမှုကြောင့် အလုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရမှု မကွေးမြို့တွင် မတ်လ ၁ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု မကွေးနယ်မြေရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ မကွေးမြို့ အောင်မေတ္တာ(က)အုပ်စုရှိ ဧရာဝတီနဂါးကုမ္ပဏီ သိုလှောင်ရုံဆောက်လုပ်နေစဉ် မတ်လ ၁ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် Acetlene နှင့် Oxygen (အောက်စီဂျင် ၅ဝလီတာအိုး၊ မီးအိုး အက်စ်တလင်း ဂတ်စ်အိုး ၅ပိဿာဆန့်) အသုံးပြု၍ သံဘောင်ကြီးများကို ဖြတ်တောက်နေစဉ် ဂဟေဆော်ပိုက်မှ တဆင့် အောက်စီဂျင်ဓာတ်အိုးတွင်သို့ မီးဝင်ရောက်သွားပြီး ကြယ်လောင်စွာ ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းပေါက်ကွဲမှုကြောင့် အောက်စီဂျင်(၅ဝ)လီတာ ဓာတ်ငွေ့အိုးပိန်ချပ်သွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရခဲ့သည်။ အလုပ်သမား ကိုတင်လင်းအောင်၏ ယာဘက်ဒူးဆစ်နှင့် ယာဘက်ခြေဖမိုးတို့တွင် ပြဲရှဒဏ်ရာ ၃ ခုရရှိပြီး အကူလုပ်သား ကိုတင်ဝင်းမောင်ကမူ ဝဲဘက်ခြေသလုံးမှာ လေးလက်မန့် ပေါက်ပြဲဒဏ်ရာနှင့် ဝဲဘက်ခြေဖမိုး ဖူးရောင် ဒဏ်ရာများရရှိခဲ့ပြီး ရဲဆေးစာနှင့်အတူ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားရသော်လည်း မစိုးရိမ်ရကြောင်း ထုတပြန်ထားသည်။

၎င်းပေါက်ကွဲမှုကြောင့် ပေါက်ကွဲစေတတ်သော အရာဝထ္ထုများဖြင့် ပေါ့လျှော့စွာဆောင်ရွက်ခဲ့သော ဒဏ်ရာရသူ ကိုတင်လင်းအောင်ကို မကွေးနယ်မြေရဲစခန်း ရဲစခန်းမှူး ရဲအုပ်ရွှေဌေးက တရားလိုပြုလုပ်၍ (ပ) ၄၇/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၆/၃၃၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်ဟု မကွေးနယ်မြေရဲစခန်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က ထုတ်ပြန်ထားသည်။

Mizzima Burmese