မြို့လယ်ခေါင် မီးရှူးဖောက်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြသဖြင့် လူအများ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီး

ပို့စ်တင်ချိန် - 3/31/2014 08:27:00 AM



Published on: March 31, 2014

မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြသူကို ရဲတပ်ဖွဲ့ဝင်များက Traders ဟိုတယ်ရှေ့တွင် ဖမ်းဆီးနေစဉ်
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဒဂုံဆိပ်ကမ်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးမှ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့လယ်ခေါင်ဖြစ်သည့် Traders ဟိုတယ်အနီး၌ မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို တစ်ကိုယ်တော်ပြုလုပ်ခဲ့သည်။

ဝမ်ပေါင်တရုတ်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (ဦးပိုင်)ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေခြင်း၊ ကျေးလက်နေဒေသခံများ လယ်ယာမြေဆုံးရှုံးမှုများ၊ ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ကျန်းမာရေးထိခိုက်မှုများနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်ရာ လယ်တီဆရာတော်ဘုရားကြီး၏သိမ်တော် ဖယ်ရှားခံရခြင်းတို့ကြောင့် စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်သည့်အတွက် ယင်းကဲ့သို့ မိမိအစီစဉ်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

“၀မ်ပေါင်တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ ကြေးနီစီမံကိန်းကြောင့် လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်တော် ဖယ်ရှားခံရတော့မှာဖြစ်လို့ ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြတာပါ” ဟု ဆန္ဒပြသူ ကိုအောင်ကိုဦးက ပြောကြားခဲ့သည်။

ထိုသို့ မီးရှူးဖောက်၍ ဆန္ဒပြမှုကြောင့် လူအများ အထိတ်တလန့် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ကာ ဆန္ဒပြသူအား ရဲတပ်ဖွဲ့ဝင်များနှင့် ဟိုတယ်ဝန်ထမ်းများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး စခန်းအတွင်းသို့ ခေါ်ဆောင်ထိန်းသိမ်း ခဲ့ကြသည်။

“အခု ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့တဲ့သူကို အများပြည်သူသွားလာတဲ့ နေရာမှာ ခွင့်ပြုချက်မရှိဘဲ မီးရှူးဖောက်မှု ရန်ကုန်ရဲအက်ဥပဒေ ၄၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ပြစ်ဒဏ်ကတော့ ဒဏ်ငွေ ၅၀ နဲ့ထောင်ဒဏ် ၈ ရက် ကျနိုင်ပါတယ်။ လောလောဆယ်မှာတော့ ဒီပုဒ်မတွေအပြင် တခြားပုဒ်မတွေတပ်ပြီး အရေးယူထားတာမျိုး မရှိပါဘူး။ မနက်ဖြန် သူ့ကို တရားရုံးထုတ်မှာပါ” ဟု ကျောက်တံတား မြို့မရဲစခန်းမှ ရဲအုပ်တင်မောင်ဆွေက မီဒီယာများသို့ ဖြေကြားခဲ့သည်။

အဆိုပါနေ့၌ပင် ဆူးလေကုန်းကျော်တံတားအနီး မီးပွိုင့်လမ်းဆုံ၌ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မျက်နှာဖုံးစွပ် အမျိုးသားငါးဦးမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းစစ်ဆေးရေကော်မရှင်၏ စီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး”၊ “ကမ္ဘာကျော် လယ်တီဆရာတော်ဘုရားကြီး သိမ်တော်နဲ့ သာသနိက အဆောက်အအုံများ ကမ္ဘာတည်သရွေ့ တည်ရှိပါစေ” ဟု ရေးထားသော ဗီနှိုင်းများကိုင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
news eleven