မြေပေါ်မြေအောက် ပိုင်ဆိုင်သည့် ပစ္စည်းများ ပြည်သူများသိရှိရန် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအေဂျင်စီ ဖွဲ့စည်းလုပ်ဆောင်သင့်ဟု သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် အကြံပြု

ပို့စ်တင်ချိန် - 3/03/2014 06:04:00 PM


အစိုးရက ဖွင့်ဟပြောလိုသည့် ဆန္ဒမရှိသည့် နိုင်ငံပိုင်လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် ထိုက်သင့်သည့်တန်ဖိုးများ ရရှိရန် နိုင်ငံတော်မှ ပိုင်ဆိုင်ထားသည့် မြေပေါ်မြေအောက် ပစ္စည်းများစာရင်းအား ပြည်သူများသိရှိရန် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အေဂျင်စီတစ်ခု ဖွဲ့စည်းတည်ထောင်သင့်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပုဂ္ဂလိကပိုင်ပြုလုပ်ရေး မျှော်လင့်ချက်နှင့် အန္တရာယ်များ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းတွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ၌ ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်အထိ ဘာတွေပိုင်ဆိုင်ထားလည်းဆိုတာ ဘယ်သူမှ မသိပါဘူး။ အစိုးရအနေနဲ့လည်း ပြည်သူတွေကို ဘာတွေပိုင်ဆိုင်ထားတယ်ဆိုတာ ဖွင့်ဟပြချင်ပုံလည်း မရပါဘူး။ အဓိက,က ပွင့်လင်းမြင်သာမှု မရှိတာပါ။ ဒီလိုနိုင်ငံပိုင် ပစ္စည်းတွေကို ဘယ်လောက်အထိ ပိုင်ဆိုင်ထားတယ်ဆိုတာသိဖို့ အဆိုပါအဖွဲ့ ဖွဲ့စည်းရာမှာ အစိုးရ၀န်ထမ်းများ မပါဝင်စေဘဲ လွတ်လပ်သော ကျွမ်းကျင်ပညာရှင်များ၊ ရှေ့နေများ၊ စာရင်းကိုင် စာရင်းစစ်များ၊ စီးပွားရေးပညာရှင်များ၊ ကုမ္ပဏီများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကပိုင် ပြုလုပ်မည့် ပစ္စည်းအား ထိုက်တန်သည့် တန်ဖိုးအား သုံးသပ်နိုင်မည့် ရာဖြတ်အဖွဲ့ဝင်များ စသည်ဖြင့် လွတ်လပ်သော ပညာရှင်များ ပါဝင်သင့်ပါတယ်” ဟု ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်က ပိုင်ဆိုင်သည့် ပြည်သူပိုင် ပစ္စည်းများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးရာတွင် ထိုက်သင့်သည့်တန်ဖိုးများ မရရှိဘဲ အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်များမှ ကာလတန်ဖိုးထက် အဆပေါင်းများစွာ နိမ့်ကျသည့် နှုန်းထားများဖြင့် ပြည်သူပိုင် လုပ်ငန်းများအား ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် လွှဲပြောင်းရယူနိုင်သည့် ဖြစ်စဉ်များမှာ လက်ရှိကာလအထိ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရ လက်ထက်မှစ၍ ပြည်သူပိုင်မြေကွက်နှင့် အဆောက်အအုံ ၂၂၀၀ ကျော်ကို ပုဂ္ဂလိကသို့ ရောင်းချရာတွင် စုစုပေါင်း ကျပ် ၁၂၆၀ ဘီလျံကျော်သာ ရရှိခဲ့သည်။ အဆိုပါ ရောင်းချမှုမှရငွေ ၁၂၆၀ ဘီလျံပေါ်တွင် ၀င်ငွေခွန်/အမြတ်ခွန်နှင့် တံဆိပ်ခေါင်းခွန် စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကောက်ခံရမည်ဖြစ်ရာ စုစုပေါင်း အခွန်ငွေ ကျပ်ဘီလျံ ၄၆၀ ကျော်အထိ ရရှိရမည်ဖြစ်သည်။ သို့သော် လွှတ်တော်၏ အစီရင်ခံစာအရ ကောက်ခံရရှိသည့် အခွန်ငွေပမာဏမှာ ကျပ် ၂၂ ဘီလျံနီးပါးသာ ရရှိထားပြီး အခွန်တစ်မျိုးတည်း၌ပင် ကျပ်ဘီလျံ ၄၀၀ ကျော် ပေးသွင်းမှုမရှိကြောင်း သိရသည်။

အလားတူပင် ၂၀၁၁ ခုနှစ်အတွင်း နောက်ဆုံးထား ပေးသွင်းရမည့် နိုင်ငံပိုင်ဖြစ်သည့် မြေကွက်တန်ဖိုး အပါအ၀င် မြေကွက်နှင့် အဆောက်အအုံ ၁၃ ခုအတွက် ပေးသွင်းရမည့် ကျပ် ၂၃ ဘီလျံကျော်ကို ၂၀၁၃ နှစ်ကုန်ပိုင်းအထိ ပေးသွင်းခြင်း မရှိသေးကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၂ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Eleven Media Group