မြန်မာနေရှင်နယ် လိဂ် ၂ တွင် ဒိုင်လူကြီးအား အသင်းအုပ်ချုပ်သူမှ ကိုယ်ထိလက်ရောက်ကျူးလွန်ပြန်၊ ရိုင်းစိုင်းဆိုးသွမ်းသူများအား ဘောလုံးကလပ်များတွင် မထားသင့်ဟုဆို

ပို့စ်တင်ချိန် - 3/31/2014 02:37:00 PM


မြန်မာနေရှင်နယ် လိဂ်-၂ ပွဲစဉ်(၉)အဖြစ် ရခိုင်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်တို့ပွဲစဉ်တွင် ယင်း ပွဲအား တာဝန်ယူကိုင်တွယ်ခဲ့သည့် ဒိုင်လူ ကြီးဦးဇော်ခိုင်အား ရခိုင်ယူနိုက်တက်အသင်း အုပ်ချုပ်သူမှ ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အသင်းများအ နေဖြင့် ရိုင်းစိုင်းဆိုးသွမ်းသည့် ပုဂ္ဂိုလ်များ အား မခန့်အပ်သင့်ကြောင်း ဒိုင်ကော်မတီ ဥက္ကဋ္ဌဦးထွန်းလှအောင်က ဝေဖန်လိုက်သည်။

ကွင်းလယ်ဒိုင်လူကြီး ဦးဇော်ခိုင် က ပွဲပြီးခါနီးအချိန်၌ ပင်နယ်တီပြစ်ဒဏ် ဘောကန်ခွင့်အား ဟံသာဝတီဘက်သို့ ပေး ခဲ့ခြင်းနှင့် ကွင်းလယ်လူ သူရကိုကိုအား (၂) ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့သည့်အတွက်ကြောင့် ရခိုင်ယူနိုက်တက်အသင်းသားများ ဝိုင်းဝန်း ကန့်ကွက်ရာမှာ အခြေအနေတင်းမာမှုဖြစ် လာခဲ့သည့်နောက် ရခိုင်ယူနိုက်တက်အသင်း အုပ်ချုပ်သူ ဦးဖြိုးညီညီစိုးက ကွင်းအတွင်းဝင် ရောက်ကာ ဒိုင်လူကြီးဖြစ်သူအား ကိုယ်ထိ လက်ရောက် စော်ကားခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ဒိုင်လူကြီး ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က ''ဒီ ဖြစ်စဉ်က မြန်မာနိုင်ငံဘောလုံးလောကမှာ ဖြစ်ခေါင့်ဖြစ်ခဲဖြစ်စဉ်ပါ။ ဒါပေမဲ့ ဒီလို ဆိုး သွမ်းတဲ့လူတွေကို ကလပ်တွေကလဲ တာဝန် မပေးဖို့ သေချာစိစစ်သင့်ပါတယ်။ အသင်း တွေအနေနဲ့ကလဲ ဒီလိုအပြုအမူဆိုးတွေ ဖြစ် ပေါ်မလာအောင် တိတိကျကျ စည်းကမ်းရှိ နေဖို့လိုမယ်''ဟု ပြောသည်။

ကိုယ်ထိလက်ရောက် ကျူးလွန် ခံရသူ ကွင်းလယ်ဒိုင်လူကြီး ဦးဇော်ခိုင်က ကွင်းအတွင်း ဆုံးဖြတ်ချက်များ ချမှတ်ရာ တွင် အမှန်ကန်ဆုံးချမှတ်ခဲ့ခြင်းဖြစ်ပြီး မိမိ ဆုံးဖြတ်ချက်မှန်သည့်အတွက် မည်သူ့ကို မျှ ကြောက်ရွံ့နေမည်မဟုတ်ဟု ပြောခဲ့ သည်။

ဦးညီညီစိုး၏ လုပ်ရပ်အပေါ် တ ရားစွဲဆိုရန် အစီအစဉ်ရှိမလားဆိုခြင်း အ ပေါ် ဦးထွန်းလှအောင်က ဖီဖာ၏စည်းမျဉ်း တချို့တွင် ကွင်းအတွင်းဖြစ်ရပ်မှာ သက်ဆိုင် ရာ ဘောလုံးအဖွဲ့အစည်းအတွင်း၌သာ စဉ်း စားဆုံးဖြတ်ရန် သတ်မှတ်ထားကြောင်း၊ သို့ ရာတွင်မူ ကိုယ်ထိလက်ရောက် ခံခဲ့ရသူအနေ ဖြင့် တရားစွဲမည်ဆိုလျှင်လဲ ဆေးစာတို့ ဘာ တို့ လိုအပ်နိုင်မည်ဖြစ်ကြောင်း၊ ယင်းအပိုင်း နှင့်ပတ်သက်၍ မိမိသေချာမသိကြောင်း ပြောသည်။

ရခိုင်ယူနိုက်တက်အသင်း အုပ်ချုပ် သူ ဦးဖြိုးညီညီစိုးနှင့် ဒိုင်လူကြီးဦးဇော်ခိုင် တို့ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော် မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက ''ဒီဖြစ်စဉ် က ထူးခြားတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်သူ မှားတယ်။ မှန်တယ်ဆိုတာ မပြောနိုင်သေး ဘူး။ ဗီဒီယို မှတ်တမ်းတွေကနေတစ်ဆင့် သေချာလေ့လာဆုံးဖြတ်သွားမယ်။ ဒီလိုဖြစ် စဉ်တွေနဲ့ပတ်သက်လို့ ထိထိရောက်ရောက် အရေးယူနိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ဒီထက် ပိုပြည့်စုံတဲ့ အဖြေဆိုရင် လာမယ့်နှစ်ရက် လောက်မှရနိုင်မယ်''ဟု ပြောသည်။

ထို့အပြင် ယခုဖြစ်စဉ်နှင့်စပ်လျဉ်း ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးက အစီအရင်ခံစာအပေါ် မိမိတို့ သေချာစွာလေ့လာဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ တိကျခိုင်မာသည့် ပြစ်ဒဏ်ချ မှတ်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောခဲ့ သည်။

အဆိုပါ အခြေအနေနှင့်ပတ် သက်၍ ရခိုင်ယူနိုက်တက်အသင်း နည်းပြ ချုပ်ဦးဝင်းတင်အား ဆက်သွယ်မေးမြန်းခဲ့ ရာ မိမိတို့အနေဖြင့် ယခုအချိန်တွင် ဘာမှ မပြောနိုင်သေးကြောင်း ပြောခဲ့သည်။
The Flower News Journal