သပိတ်စခန်း ဖွင့်လှစ်ခဲ့သည့် မိုးထိမိုးမိ ရွှေလုပ်သားများအား မိသားစုတစ်စုလျှင် ကျပ်ငါးသိန်းဖြင့် ညှိနှိုင်းခဲ့ပြီး လက်မခံသူ ၁၆ ဦးကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်အရေးယူ

ပို့စ်တင်ချိန် - 3/08/2014 12:23:00 PM


ရမည်းသင်းမြို့ ရွှေမြင်တင် တောင်ခြေရှိ ဇရပ်များတွင် သပိတ်စခန်းဖွင့်လှစ် နေထိုင်သည့် မိုးထိမိုးမိ ရွှေလုပ်သားများအား မိသားစုတစ်စုလျှင် ငွေကျပ်ငါးသိန်းဖြင့် ညှိနှိုင်းခဲ့ပြီး လက်မခံသူ ၁၆ ဦးအား ပုဒ်မ ၁၄၃၊ ၁၄၇၊ ၅၀၅(ခ)တို့ဖြင့် မတ် ၄ ရက်က ရမည်းသင်းမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရမည်းသင်းမြို့ ရွှေမြင်တင်ဘုရား တောင်ခြေရှိ ဇရပ်များတွင် သပိတ်စခန်းဖွင့် နေထိုင်လျက်ရှိသည့် မိုးထိမိုးမိရွှေလုပ်သား ခေါင်းဆောင်ကို နော်စီပါ ၄၂ ဦးတို့သည် ဇန်န၀ါရီ ၇ ရက်တွင် ခွင့်ပြုချက်မရယူဘဲ လူအများသွားလာသည့် လမ်းမပေါ်တွင် ပိတ်ဆို့ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းနှင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ရှိခြင်းတို့ကြောင့် ရွှေမြင်တင်ဘုရား ဆရာတော်က ရွှေမြင်တင်ဘုရားပွဲ ကျင်းပနိုင်ရန် မိုးထိမိုးမိ ရွှေလုပ်သားများအား မတ် ၃ ရက်တွင် တောင်တော်လေးဘက်သို့ ရွှေ့ပြောင်းပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

"မိုးထိမိုးမိ ရွှေလုပ်သားတွေကို ဆရာတော်က ဘုရားပွဲအတွင်း တောင်တော်လေးဘက်ကို ခဏရွှေ့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ ပွဲပြီးသွားရင် ပြန်လာနေ့ဖို့လည်း ပြောသေးတယ်။ ဒါပေမဲ့ သူတို့က ရွှေမြင်တင်က ဘယ်မှမရွှေ့တော့ အာဏာပိုင် အဖွဲ့အစည်းက ဆက်ပြီး ၄ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထားပြီး ထွက်သွားပေးရန် ပြောသော်လည်း သူတို့ကလိုက်နာမှု မရှိတဲ့အတွက် သူတို့ကိုရဲက လိုက်ထရပ်ကားနှစ်စီးနဲ့ ခေါ်သွားတာ တွေ့လိုက်ရတယ်" ဟု ရမည်းသင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ရွှေမြင်တင်တောင်ခြေတွင် သပိတ်စခန်းဖွင့် နေထိုင်လျက်ရှိသော မိုးထိမိုးမိ ရွှေလုပ်သားများအား မတ် ၄ ရက်တွင် ရမည်းသင်းခရိုင်ရှိ အာဏာပိုင်များက ရဲစခန်းသို့ လိုက်ထရပ်ကားနှစ်စီးဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီး အဆိုပါ အာဏာပိုင်များ၊ ဆရာတော်များနှင့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများ ညှိနှိုင်းပြီးနေရပ်ပြန်လိုသူများအား မိသားစုတစ်စုလျှင် ငွေကျပ် ငါးသိန်းနှင့် ကလေးတစ်ဦးလျှင် ငွေကျပ် ငါးသောင်းပေးကာ နေရပ်သို့ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီးခြောက် ဦးတို့သည် ဆွေးနွေးညှိနှိုင်းမှုများကို လက်မခံသည့်အတွက် ၎င်းတို့ ၁၆ ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က တရားလို ပြုတိုင်တန်းခဲ့ပြီး ရမည်းသင်းမြို့မ ရဲစခန်းမှ ပ/၈၀/၂၀၁၄ ပြစ်မှုပုဒ်မ ၁၄၃/၁၄၇-၅၀၅ (ခ)တို့ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ယခုအခါ ရမည်းသင်းထောင်သို့ ရောက်ရှိနေကြောင်း သိရသည်။
Eleven Media Group