မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်ကဏ္ဍအတွက် ကျပ်သန်းပေါင်း နှစ်ထောင်နီးပါး သုံးစွဲမည်ဟုဆို

ပို့စ်တင်ချိန် - 3/30/2014 04:01:00 PM


မန္တလေး၊ မတ် ၂၉

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု များကြောင့် အသေးစား အလတ်စား လုပ်ငန်းအချို့ ရပ်နားရသည်အထိ ဖြစ်ပေါ်လျက် ရှိနေသော မန္တလေးတိုင်းဒေသကြီးအတွင်း လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးအတွက် ကျပ်သန်းပေါင်း နှစ်ထောင်နီးပါး သုံးစွဲမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က The Voice သို့ ပြောကြားသည်။

ပြင်ဦးလွင်ခရိုင်တွင် ရေအားလျှပ်စစ် ထုတ်ယူရန်အတွက် သုံးစွဲသွားမည့်အပြင် သစ်သား ဓာတ်မီးတိုင်များကို ကွန်ကရစ်တိုင်များဖြင့် အစားထိုးခြင်း၊ မီးကြိုးများ သွယ်တန်းခြင်း စသည်တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်မီး မရသေးသည့် ကျေးရွာများအားလုံး မီးလင်းရေးကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ပြီး မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသည့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် မီးလင်းရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဝန်ကြီးက ထပ်မံပြောကြားသည်။

ကိုယ့်အားကိုယ်ကိုး ကျေးလက်မီးလင်းရေး ဆောင်ရွက်ရာတွင် အလှူရှင်များနှင့် လျှပ်စစ်မီး ရယူသူများထံမှ ကောက်ခံငွေများနှင့် အကောင်အထည် ဖော်ရကြောင်း အမရပူရမြို့နယ်ရှိ ကျေးရွာ မီးလင်းရေး ကော်မတီတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးသော်လည်း ၂၁၀၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီတာခများကို တိုးမြှင့် ကောက်ခံရန် ပြည်ထောင်စု လွှတ်တော်က မတ်လ ၁၉ ရက်နေ့တွင် အတည်ပြု ဆုံးဖြတ်လိုက်သည်။

The Voice Weekly