အသက် ၅ဝ ကျော် အမျိုးသားတစ်ဦး အိမ်ပိသေဆုံး

ပို့စ်တင်ချိန် - 3/07/2014 09:46:00 AM


Written by  ဇော်ဇော်ထွေး

ရန်ကုန်၊မဇ္ဈိမ။             ။ ကျောက်တန်းမြို့နယ် မင်းဂလွန်းကျေးရွာတွင် အသက် ၅ဝ ကျော်အမျိုးသားတစ်ဦး မတ်လ ၅ ရက်က အိမ်ပိ၍ သေဆုံးခဲ့သဖြင့် ကမာကလုပ် နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးနေသည်။

သေဆုံးသူမှာ မင်းဂလွန်းကျွေးရွာနေ လက်သမားတစ်ဦးဖြစ်သူ ဦးကြည်လွင် (၅၄)နှစ်ဟု ယင်းနေ့ ည ၉ နာရီကျော်က သွားရောက်စစ်ဆေးခဲ့သည့် ကမာကလုပ် ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

သေဆုံးသူသည် ယင်းကျေးရွာအနောက်ပိုင်းရှိ ဦးအောင်နိုင်သူ၏ နေအိမ်ကို ပြုပြုရန်အတွက် အိမ်အောက်သို့ဝင်၍ တိုင်းတာမှု ပြုလုပ်နေစဉ် အိမ်ပိခဲ့ခြင်းဖြစ်သည်။

၎င်းသည် အိမ်အောက်တွင် အရှည် (၂)ပေခန့်၊ လုံးပတ် (၁)ပေခွဲခန့်ရှိ သစ်သားဒေါက်တိုင်အား ထောက်၍ ရေချိန်တိုင်းနေစဉ် ထောက်ထားသည့် ဒေါက်တိုင်လဲကျပြီး အိမ်ပိခဲ့ခြင်း ဖြစ်သည်ကို ရဲတပ်ဖွဲ့က ကနဦးအနေဖြင့် စုံစမ်းသိရှိထားသည်။

ထို့ကြောင့် ဦးကြည်လွင်တွင် မျက်နှာယာဘက်ခြမ်း ဖူးရောင်ညိုမဲဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ၊ ယာလက်မောင်းစုတ်ပြဲ၊ ဝဲဘက်ရင်အုံ ဖူးရောင်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သေဆုံးသူ အလောင်းကို ဆေးရုံသို့ ပို့အပ်စစ်ဆေးလျက်ရှိပြီး ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကိုလည်း ကျောက်တန်းမြို့နယ် ကမာကလုပ် နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃/၂ဝ၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Mizzima Burmese