တိုင်ကြားစာများအား ကော်မရှင်အနေဖြင့် အမှန်တရားပေါ်မူတည် စစ်ဆေးမည်ဟု လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်း ပြောကြား

ပို့စ်တင်ချိန် - 3/04/2014 07:45:00 PM


(လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်း မတ် ၃ ရက်က လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ်)

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အနေဖြင့် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သည်ဟု တိုင်ကြားသည့် တိုင်စာများအပြင် ကော်မရှင်ကိုယ်တိုင် သိရှိပါက စုံစမ်းစစ်ဆေး မေးမြန်းခွင့်ရှိသည်ဟု ဥပဒေတွင် ဖော်ပြထားကြောင်း၊ အမှန်တရားပေါ် မူတည်ကာ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်းက ပြောကြားသည်။

ထို့အပြင် ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အကောင်းဆုံးကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ထားကြောင်း၊ ရည်မှန်းချက်အတိုင်း အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် အရှေ့တောင်အာရှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့များတွင် ပါဝင်ထားသဖြင့် အခြားနိုင်ငံများနည်းတူ လျှော့ချနိုင်ပါက အဆင်ပြေသွားမည် ဖြစ်ကြောင်း၊ ဥပဒေအရ အစိုးရပြည်သူ ပူးပေါင်းဆောင်ရွက်လျှင် ရည်မှန်းချက် အောင်မြင်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ ကြီးကြီးမားမား မရှိနိုင်ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ ကော်မတီမှာ ပညာရှင်တွေပါပါတယ်။ အဲဒီပညာရှင်တွေက ကျန်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ အဲဒီလို ဆောင်ရွက်မယ်ဆိုရင် အတိုင်းအတာ တစ်ခုအတွင်း ပြီးသွားမယ် ထင်ပါတယ်။ ချမှတ်ထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်။ ဘက်လိုက်မှု မရှိနိုင်ပါဘူး။ အတိုင်းအတာ တစ်ခုထိတော့ အချိန်ယူရမယ်" ဟု လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်းက ပြောကြားသည်။

ထို့ပြင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပေးအပ်ထားသော လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါက်တာညီညီထွန်းက ပြောကြားသည်။

"အားလုံးကတော့ ဥပဒေအတိုင်းပေါ့။ ဥပဒေအတိုင်းပဲ လုပ်ရမှာပဲ။ တခြားတော့ ပြောစရာ မရှိပါဘူး။ ဥပဒေမှာ ပေးထားတဲ့ လုပ်ပိုင်ခွင့်အတိုင်းပဲ လုပ်ရမှာပေါ့" ဟု ဒေါက်တာညီညီထွန်းက ပြောကြားသည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မတ် ၃ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အဖွဲ့ဝင်များ ကတိသစ္စာပြုခဲ့သည်။

အဆိုပါ ကော်မရှင်တွင် ဦးမြ၀င်း(စစ်မှုထမ်း)က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးတင်ဦး (သံအမတ်ကြီး)က အတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးကျော်ကျော် (ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန)၊ ဦးစိုးတင့် (ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး)၊ ဦးသန်းအောင် (ညွှန်ကြားရေးမှူး ပြည်ထောင်စု ရှေ့နေချုပ်ရုံး)၊ ဦးမောင်ရှိန်(စစ်မှုထမ်း)၊ ဒေါက်တာတိုက်စံ (ပါမောက္ခ၊ တပ်မတော် နည်းပညာတက္ကသိုလ်)၊ ဦးနေ၀င်း (သံအမတ်ကြီး)၊ ဒေါ်မြတ်မြတ်စိုး (ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)၊ ဦးသင်းမောင် (ညွှန်ကြားရေးမှူး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)၊ ဦးဆွန်ဒုတ်ကျင့် (ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး)၊ ဒေါက်တာညီညီထွန်း (တိရစ္ဆာန်ဆေးကု ဆရာဝန်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန)၊ ဦးကျော်မြင့်(စစ်မှုထမ်း)၊ ဒေါ်သန်းသန်းရီ (ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး)၊ ဦးအောင်လှိုင်စိုး (ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး) စသည့် အငြိမ်းစား ၀န်ထမ်းများ ပါဝင်ကြောင်း သိရသည်။

Eleven Media Group