ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက် ရေတံခွန်(၂)လမ်းမှာ မီးလောင်ကျွမ်းမှု (ဓာတ်ပုံ သတင်း)

ပို့စ်တင်ချိန် - 3/12/2014 07:35:00 PM









ဧရာဝတီတိုင်း ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက် ရေတံခွန်(၂)လမ်းမှာ မတ်လ(၁၂)ရက် နေ့လည် (၁း၄၅)နာရီက မီးဖို မီးကြွင်းမီးကျန်က စတင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ် ငါးလုံးဆုံးရှုံးပြီး လူတစ်ဦး သေဆုံးခဲ့ကာ အရံမီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဘယ်ဘက်ခြေထောက် ဒဏ်ရာ ရရှိသွားပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ရေတံခွန်(၂)လမ်း အိမ်အမှတ်(၈၉၂) နေအိမ်မှာ အသက်(၈၃)နှစ်အရွယ် လေငန်းရောဂါ ခံစားနေရသူ ကျောင်းဆရာမအငြိမ်းစား ဒေါ်လှကြည် တစ်ဦးတည်းရှိနေစဉ်
စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် အနီးရှိ နေအိမ်
(၅)လုံး မီးဘေးသင့် ဆုံးရှုံးခဲ့ကာ စတင်လောင်ကျွမ်းသော နေအိမ်ရှိ
လေငန်းရောဂါ ခံစားနေရသူ ကျောင်းဆရာမအငြိမ်းစား ဒေါ်လှကြည်မှာ မီးလောင်စဉ်
တိမ်းရှောင်နိုင်ခြင်း မရှိဘဲ မီးလောင်ကျွမ်း သေဆုံးခဲ့ရပါတယ်။

ဟင်္သာတမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကား (၅)စီး ၊ အရံမီးသတ် တပ်ဖွဲ့ဝင်(၁ဝဝ)ခန့် လာရောက် ငြိမ်းသတ်ခဲ့ကာ
နေ့လည်(၂)နာရီလောက်မှာ မီးညွှန့်ကျိုးပြီး (၃)နာရီလောက်မှာ အပြီးသတ်
ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု (၅)စု လူဦးရေ ကျား(၁၁)ဦး၊ မ(၇)ဦး
စုစုပေါင်း (၁၈)ဦး မီးဘေးသင့်ခဲ့ပြီး သွပ်မိုး ပျဉ်ထောင်နေအိမ် (၂)လုံး၊ သွပ်မိုး ထရံကာ နေအိမ် (၃)လုံး ခန့်မှန်းတန်ကြေး (၂၄)သိန်းခန့် ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူတွေကို လယ်တီကွင်းရပ်ကွက် အမက(၃)
စာသင်ကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပါတယ်။

သတင်းဓာတ်ပုံ - ပြည့်ဖြိုး icj (ဟင်္သာတ)
DVB TV