အစိုးရရဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို တက္ကသိုလ်ပေါင်းစုံ ဆရာဆရာမတွေ ရှုတ်ချပြီ

ပို့စ်တင်ချိန် - 3/30/2014 06:11:00 AM


မြန်မာအစိုးရနဲ့ လွှတ်တော်တို့ ပူးပေါင်းရေးဆွဲခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကြမ်းမှာ သက်ဆိုင်ရာ နယ်ပယ်က တတ်သိပညာရှင်တွေ ပါဝင်ဆွေးနွေးခွင့်မရခဲ့တာကြောင့် ဒီပညာရေးမူကြမ်းနဲ့ မူဝါဒကို တက္ကသိုလ်ပေါင်းစုံက ဆရာဆရာမတွေ ရှုတ်ချလိုက်ပါတယ်။

အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းခဲ့တဲ့ ဥပဒေကြမ်း ကွဲလွဲနေတာကို နားမလည်နိုင်ဘူးလို့ ပြောဆိုခဲ့ပြီး အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုတွေကြောင့် ကန့်ကွက်ရှုတ်ချရတာလို့ ဆိုပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ကျင်းပတဲ့ တက္ကသိုလ်ဆရာဆရာမတွေရဲ့ သတင်းစာရှင်း လင်းပွဲမှာ အစိုးရရဲ့ ပညာရေးဥပဒေကြမ်းထဲမှာ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ စီမံအုပ်ချုပ်ခွင့်တွေ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်ဖွဲ့စည်းထားတဲ့ အစိုးရပညာရေးမူဝါဒဆိုင်ရာ အဖွဲ့ဝင်တွေဟာ တက္ကသိုလ်တည်ထောင်ခွင့်နဲ့ ရုပ်သိမ်းခွင့်ကို ချုပ်ကိုင်ထားတယ်လို့ ရန်ကုန်၊ မန္တလေး။ စစ်ကိုင်း၊ ဟင်္သတာနဲ့ မအူပင်က တက္ကသိုလ် ဆရာဆရာမတွေ စုပေါင်းလက်မှတ်ထိုးပြီး ကန့်ကွက်ခဲ့ပါတယ်။

အမျိုးသားပညာရေးဆိုင်ရာ မူကြမ်းတွေကို သက်ဆိုင်ရာ တတ်သိပညာရှင်တွေနဲ့ အဆင့်ဆင့် ရေးဆွဲခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

Kamayut Media