ရန်ကုန်သင်္ကြန်နှင့် ပြည်သူ့လုံခြုံရေး – ၀တ်ရည်နွေးနွေး

ပို့စ်တင်ချိန် - 3/22/2014 06:27:00 PM


မဏ္ဍပ်တွေကို အာဏာပိုင်တွေက မီးသတ်တပ်ဖွဲ့ဝင်ပဲ ချပေးတာ ဒါတောင် မဏ္ဍပ်တစ်ခု သုံးလေးယောက်ပဲ သူတို့ကလည်း လမ်းရှင်းတာတို့လောက်ပဲ လုပ်ပေးနိုင်တယ် . . .

မြန်မာ့နှစ်ကူး အတာသင်္ကြန် ပွဲတော်ကို နှစ်စဉ် ရိုးရာပွဲတော်အဖြစ် ကျင်းပလာခဲ့ရာ မြန်မာ သက္ကရာဇ် ၁၃၇၅ မှ ၁၃၇၆ နှစ်သစ်ကူးပြောင်းမည့် သင်္ကြန်ကာလကို ဖြတ်သန်း ရန် ပြည်သူများ အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

မြန်မာတစ်ပြည်လုံး ခြိမ့်ခြိမ့်သဲကျင်းပခဲ့သည့် အတာသင်္ကြန်ပွဲတော်သည် မြန်မာဘုရင်များ လက်ထက်မှစတင် ကျင်းပဆင်နွှဲခဲ့ကြရာ ရန်ကုန်၊ မန္တလေး မြို့ကြီးများ၏ အထင်ကရ ပွဲတော်ဟု ဆိုရပေမည်။

အမြို့မြို့အနယ်နယ် အပြိုင်အဆိုင် ကျင်းပသည့်အနက် ရန်ကုန် သင်္ကြန်နှင့် မန္တလေး သင်္ကြန်သည် အစည်ကားဆုံး ဖြစ်သည်။ ယခင် စစ်အစိုးရ လက်ထက်မှစ၍ ပြည်သူကြား ဖိနှိပ်မှုများ စတင်ခဲ့ရာမှ ပြည်သူများ၏ လုံခြုံရေး လျော့နည်းလာခဲ့သည်။

ရန်ကုန်သင်္ကြန်သည် ၂၀၀၈ ခုနှစ် အစောပိုင်းတွင် လည်ပတ်ရန် အများဆုံး တည်နေရာအဖြစ် သတ်မှတ် ခံခဲ့ရသည်။ အင်းလျားလမ်း၊ ကမ္ဘာအေး၊ ပြည်လမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ဆရာစံလမ်းတို့သည် အစည်ကားဆုံး နေရာဖြစ်သည့်အတွက် ရေကစား မဏ္ဍပ်များ၊ ရေပက်ခံကားများ တိုးမပေါက်အောင် စည်ကားလှပေသည်။

ရန်ကုန်မြို့တွင်း ယာဉ်အန္တရာယ် မဖြစ်စေရန် ကြီးကြပ်ပေးမည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အလွန်နည်းပါးခြင်း၊ မတော်တဆ ထိခိုက်မှုများကို အချိန်မီ ပို့ဆောင်ပေးနိုင်မည့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများ၊ ခေတ္တဖွင့်လှစ် ထားသည့် အရန်သင့် ဆေးပေးခန်းများ မရှိခြင်း၊ ပွဲတော်အတွင်း ပျော်ပါးမှု လွန်ကဲကာ ခိုက်ရန်ဖြစ်ပွားမှုများကို အချိန်မီ တားဆီးနိုင်မည့် လုံခြုံရေးအင်အား အဆင်သင့် မရှိခြင်းတို့သည် ရိုးရာသင်္ကြန်ပွဲတော်၏ ချစ်စရာ ဓလေ့များကို အရောင်ဆိုးလာခဲ့ပါသည်။

ယခင် အုပ်ချုပ်ခဲ့သည့် စစ်အစိုးရခေါင်းဆောင်များ၏ တိုင်းပြည်တွင်း အုပ်ချုပ်ပုံ စနစ်များသည် ပြည်သူကြား ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာစေသည့်အပြင် မတန်မဆ မြင့်တက်လာသည့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများကြောင့် ပြည်သူများ၏ ရုန်းကန်လှုပ်ရှားမှုများ ကြမ်းတမ်းလာခဲ့သည်။

ထို့ကြောင့် ရန်ကုန်သင်္ကြန် မဏ္ဍပ်စီစဉ်သူများ အခက်တွေ့လာခဲ့သည်။ မဏ္ဍပ်မြေနေရာအလိုက် လေလံ ဆွဲရခြင်း၊ လေလံမဆွဲပါက တည်ဆောက်ရန် လျာထားသော မြေနေရာများ ခွင့်ပြုမိန့် မရခြင်းတို့ကြောင့် မဏ္ဍပ်ဆောက်လုပ်မှုအပိုင်းတွင် မူလကုန်ကျရန် မှန်းထားသည့် ငွေကြေးပမာဏထက် လျှော့ကာ တည်ဆောက်ကြရသည်။

မဏ္ဍပ်အလိုက် လုံခြုံရေးကို အစိုးရက ဆောင်ရွက်မှု မရှိသည့်အတွက် ပုဂ္ဂလိက လုံခြုံရေးအဖွဲ့များ၊ အရန်မီးသတ်ဝင်များကိုသာ ထပ်မံ ငှားရမ်းကြရသည်။ ထို့ကြောင့် စီးပွားရေးအဖြစ် လုပ်ကိုင်သည့် မဏ္ဍပ် စီစဉ်သူများသည် အဆိုပါ မြေနေရာ ငှားရမ်းမှုနှုန်း မြင့်တက်ခြင်း၊ ရေခွန် ဆောင်ရခြင်းများကြောင့် အခြားသော လုံခြုံရေးနှင့် မဏ္ဍပ်တည်ဆောက်မှု အပိုင်းတွင် အသုံးပြုမည့် ငွေပမာဏ လျှော့ကာ ပြုလုပ်လာကြသည်။

မဏ္ဍပ်တွင်း ခိုက်ရန်ဖြစ်ပွားမှုများ၊ မတော်တဆ ထိခိုက်မှုများကို အချိန်မီ စောင့်ကြပ်နိုင်မည့် လုံခြုံရေး လုံလောက်စွာ မရှိသည့်အတွက် မဏ္ဍပ်ထိုင်သူများသည် စည်းလွတ်ဝါးလွတ် ပျော်ပါးကာ အခြားသော လည်ပတ်သူများကို စိတ်အနှောင့်အယှက် ဖြစ်စေသည့်အပြင် မဏ္ဍပ်ခိုင်ခံ့မှုမရှိ၍ ပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုကဲ့သို့ ဖြစ်ရပ်များကြောင့် မဏ္ဍပ်တည်ဆောက်သူ နည်းပါးလာပြီး ယင်းသို့ နည်းပါးလာသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှလည်း မြေနေရာ ခွင့်ပြုမိန့်များ လျှော့ချလာခဲ့သည်။ ထို့ကြောင့် ရေပက်ခံထွက်သည့် ကားများ ပိုမိုများပြားလာခဲ့ပြီး လည်ပတ်ရန် နေရာနှင့် ရေပက်ခံကားများ မျှတမှုမရှိဖြစ်ကာ စည်ကားရာ နေရာများတွင် ရေပက်ခံကားများနှင့် လည်ပတ်သူများ စုပြုံလာခဲ့သည်။

ထိုအခြေအနေတွင် လူစည်ကားရာ နေရာအလိုက် လုံခြုံရေး အင်အားမျှတမှု မရှိ၍ သောက်စား မူးယစ်ကာ ပျော်ပါးသူ များပြားလာခဲ့သည်။ အဆိုပါ လမ်းများတွင် ကားပိတ်ခြင်းများ ဖြစ်ပေါ်ကာ ရေပက်ခံရန် စောင့်ဆိုင်းသည့် ကားများသည် တန်းစီနေရသဖြင့် မည်သို့ဆိုစေ ပြန်လှည့်ထွက်ရန် အဆင်မပြေမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုသို့ကားများ ပိတ်၍ ရပ်နားစဉ် တစ်ဦးနှင့်တစ်ဦး ကျီစယ်ရာမှ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်လာခဲ့ပြီး ထိခိုက်မှုရှိလျှင် နီးစပ်ရာ အရန်သင့် ဆေးပေးခန်းများ မရှိသည့်အတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့သာ သွားကြရသည်။

အရန်သင့် ဆေးပေးခန်းများ ထားရှိခြင်း မရှိသည့်အပေါ် NLD ကျန်းမာရေးကွန်ရက် ဒေါက်တာ တင်မျိုးဝင်းက ““အဓိကယက အခုလို ပွဲတော်ရက်မှာဖြစ်တဲ့ ထိခိုက်မှုတွေက ရဲနဲ့ပတ်သက်တာလို့ ယူဆကြတယ်။ ကားပေါ်က ပြုတ်ကျရင်လည်း မကုခင် စစ်တယ်။ ရန်ဖြစ်လည်း မေးတယ်။ အဲဒါကြောင့် ကုချင်တိုင်း ကုလို့မရဘူး ဖြစ်နေ တယ်။ ဒီတော့ ဆရာဝန်တွေက ကုပေးချင်ရင်တောင် ကိုယ့်သဘောနဲ့ကိုယ် ကုလို့မရဘူးလေ။ ဒီတော့ ဒါတွေက သက်ဆိုင်ရာဌာန အလိုက်ပဲ နိုင်ငံတော်က စီစဉ်ရမှာ။ ဒီလိုက လုပ်ပေးသင့်ပါတယ်။ ခိုက်ရန် မဖြစ်ပွားအောင် လုံခြုံရေး မချနိုင်ရင် အခုလို စီစဉ်ဖို့ လိုအပ်တယ်။ ပြည်သူအတွက် ကျန်းမာရေး လုံခြုံမှု ပဲလေ”” ဟု သုံးသပ်ပြောကြားခဲ့သည်။

မန္တလေးမြို့ကြီး၏ သင်္ကြန်ပွဲတော် တစ်နှစ်ထက်တစ်နှစ် စည်ကားလာပြီး ရန်ကုန်မြို့တော် သင်္ကြန်သည် အဘယ်ကြောင့် တစ်နှစ်ထက်တစ်နှစ် ခြောက်ကပ်လာသည်ကို ပြည်သူတွေ မေးခွန်းထုတ်နေကြပါပြီ။

၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် ပြည်သူအတွက် ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေခဲ့သည်။ ကန်တော်ကြီးပတ်လမ်း တင့်ကားကုန်း အရှေ့လမ်းဆုံ X2O ၊မဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည့်အတွက် သင်္ကြန်သည် ရန်ကုန်နေ ပြည်သူများအတွက် အသက်မဲ့စေခဲ့ပြန်သည်။

ဗုံးပေါက်ကွဲမှုမဖြစ်ခင် များပြားလှသည့် ပြည်သူများ ကခုန်နေကြသည့် ပြည်သူများသာတွေ့ မြင်ရပြီး ပေါက်ကွဲ ပြီးချိန်တွင် များပြားလှသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များကို ရုပ်သံမီဒီယာများမှတစ်ဆင့် တွေ့မြင်ခဲ့ရသည်။ မည်သည့် အဖွဲ့အစည်းက မည်သည့် အကြောင်းကြောင့် ဖောက်ခွဲမှု ပြုလုပ်သည့် သတင်းများထက် လုံခြုံရေး မည်မျှ တိုးမြှင့်ချထားပေးမည့် သတင်းကိုသာ ပြည်သူတွေ မျှော်လင့်နေကြသည်။

သို့သော် ၂၀၁၀ ခုနှစ်နောက်ပိုင်း သင်္ကြန်မတိုင်မီ လုံခြုံရေး တိုးမြှင့်သတင်း မဟုတ်ဘဲ မဏ္ဍပ် ဆောက်လုပ်ခွင့် လျှော့ချသည့်သတင်း၊ မဏ္ဍပ်ပြိုကျမှု မဖြစ်ပေါ်စေရန် မဏ္ဍပ်ကြံ့ခိုင်မှု စစ်ဆေးမည့် အစီအစဉ်များ၊ သရုပ်ပျက် ၀တ်စားဆင်ယင်မှု ထိန်းချုပ်မည့် သတင်းများ၊ အရက်သေစာ သောက်စား၍ ကားမောင်းသူများကို စစ်ဆေးမည့် သတင်းများစသည့် အကြောင်းအရာများသာ ဖြစ်ပေါ်လာခဲ့သည်။

ရန်ကုန်မြို့တွင်း စည်ကမ်း တင်းကျပ်မှုကြား မဏ္ဍပ်အရေအတွက် ဆယ်ဂဏန်းမျှသာရှိပြီး ရေပက်ခံကားများ လမ်းပေါ် မမြင်တွေ့ရသည်အထိ ဖြစ်ခဲ့ပြီး မန္တလေးသင်္ကြန်သည် မဏ္ဍပ်အရေအတွက် ရာဂဏန်းအထက်ရှိပြီး ရေပက်ခံ ပြည်သူများ တိုးမပေါက် ဖြစ်လာသည်မှာ မည်သည့်အရာက ကွာခြားသည်ကို စဉ်းစားရပေမည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု ခေါ်သော ရန်ကုန်မြို့၏ လုံခြုံရေး အင်အားအပေါ် မေးခွန်းထုတ်ရမည်။ ယခင် မြန်မာနိုင်ငံ၏ အစိုးရမင်းများ အခြေချ နေထိုင်ခဲ့သည့်အတွက် စည်ကားရန် စီစဉ်မှုများ ရှိခဲ့သော်လည်း နေပြည်တော်သည် မြန်မာနိုင်ငံ အုပ်ချုပ်သူ လူတန်းစား၏ ဌာနေဖြစ်လာသည့် နောက်ပိုင်းတွင် ယင်းဌာနေ သာယာ စည်ကားရေး ငွေကြေးများစွာ ကုန်ကျခံ တည်ဆောက်နေသည်မှာ အပြစ်ဟု မဆိုသာသော်လည်း အခြား မြို့ကြီးများကို ထိခိုက်လာ စေသည်။

နေပြည်တော်သို့ ရန်ကုန်မှ အခြားအရာ မဆိုထားနှင့် တိရစ္ဆာန်ရုံတွင် ပြသထားသော တိရစ္ဆာန်များ သယ်ဆောင် သွားခြင်းသည် အလွန်ရုပ်ဆိုးလှပေသည်။ ယခု သင်္ကြန်ကာလများတွင်လည်း နေပြည်တော် သည် လည်ပတ်သူထက် ခမ်းနားထည်ဝါသော မဏ္ဍပ်ကြီးများက ပို၍နေရာယူထားကြသည်။ လုံခြုံရေး အင်အားသည် ပြည်သူ၏ သုံးပုံတစ်ပုံ ရှိနေသည်မှာ အံ့သြဖွယ် ကောင်းလှသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်သူ အစိုးရနှင့် နီးစပ်သူ လုပ်ငန်းရှင်များပေမို့ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်သော်လည်း နေရာတိုင်းတွင် နေထိုင်သော ပြည်သူများအားလုံး အရေးကြီးသည်ကို သတိပြုရပေမည်။ ထိုသို့ လုံခြုံရေး လုံလောက်စွာ မပေးနိုင်ခြင်းအပေါ် ပုဂ္ဂလိက လုံခြုံရေး ငှားရမ်းခြင်း ကုမ္ပဏီ Winning Security Co.,Ltd ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်က “ကျွန်မတို့ကို သင်္ကြန်မှတော့ မဟုတ်ဘူး။ အခြားစက်ရုံ၊ အလုပ်ရုံတွေကလည်း လာငှားကြတယ်။ သင်္ကြန်ကျတော့ အရမ်းတာဝန်ကြီးတယ်။ သူတို့ မဏ္ဍပ်တွေကို အာဏာပိုင်တွေက မီးသတ်တပ်ဖွဲ့ဝင်ပဲ ချပေးတာ။ ဒါတောင် မဏ္ဍပ်တစ်ခု သုံးလေးယောက်ပဲ။ သူတို့ကလည်း လမ်းရှင်းတာတို့လောက်ပဲ လုပ်ပေးနိုင်တယ်။ ဒီတော့ လာငှားကြတယ်။ ကျွန်မတို့လူတွေက အာဏာပိုင် အဖွဲ့ဝင်တို့လို၊ ရဲ တပ်ဖွဲ့ဝင်တို့လို ဘယ်လုံခြုံရေး အပြည့်အ၀ပေးနိုင်မလဲ။ နယ်မြေ တစ်ခုအတွင်း စောင့်ကြည့်ပေးတာ ပေါ့။ သူတို့ကလည်း မဏ္ဍပ်လေး အနည်းငယ်လုံခြုံမှုရှိစေဖို့ ငှားကြတာပါပဲ။ ကျွန်မတို့က အတတ်နိုင်ဆုံး save (လုံခြုံမှု)ဖြစ်အောင် လုပ်ပေးပါတယ်”ဟူ၍ ပြောသည်။

ယခင်မဏ္ဍပ်စီစဉ်သူ တစ်ဦးဖြစ်သူက ““ကျွန်တော်တို့က သူငယ်ချင်းတွေစုပြီး စီးပွားဖြစ် လုပ်ကြတာ။ မဏ္ဍပ် လျှောက်တော့လည်း အဆင်မပြေ။ စပေါ်တင်ရတာလည်း ရှိတယ်။ ကျွန်တော်တို့က လုံခြုံရေး အင်အား မပြနိုင်ရင် မဏ္ဍပ်ထိုင်တဲ့သူကလည်း မလာချင်ဘူး။ မိတ်ဆွေတွေကလည်း တကယ်သာတဲ့ မဏ္ဍပ်၊ လုံခြုံရေး ကောင်းတဲ့ မဏ္ဍပ်ပဲ သွားကြတာ။ ကျွန်တော်တို့က ဒီလောက်ငွေ မလိုက်နိုင်တော့ အခုမဏ္ဍပ် မဆောက်ဖြစ်တာ ၂နှစ်ရှိပြီ” ဟူ၍ ပြောသည်။

၂၀၁၄ သင်္ကြန်ပွဲတော် ကာလတွင် ရန်ကုန်တွင်း မဏ္ဍပ်ဆောက်လုပ်ခွင့် ၉၃ နေရာ ခွင့်ပြုထားပြီး မဏ္ဍပ် တစ်ခုလျှင် ဒေသအာဏာပိုင် ရဲတပ်ဖွဲ့ဝင် (သို့မဟုတ်) SB နှစ်ဦးစီ ထားရှိမည်ဖြစ်သည်။ မဏ္ဍပ် ဆောက်လုပ် မှုကို မြေနေရာပါမစ် လျှောက်ထား၍ ပါမစ်ကျပါက စပေါ်ငွေ သိန်း ၇၀ တင်ရမည် ဖြစ်ကြောင်းကို ““ကျွန်တော် တို့က အခုပါမစ် တင်ထားတယ်။ သူတို့ဘက်က လုံခြုံရေး နှစ်ယောက်လောက် ပေးပေမယ့် ပုဂ္ဂလိက လုံခြုံရေး ငှားရမှာပဲ။ ဒီနှစ်တော့ စည်လာနိုင်တယ်။ ဒါပေမဲ့ လုံခြုံရေးတော့ နိုင်ငံတော်က သေချာစီစဉ် ပေးစေချင်တယ်။ အပျော်ကနေ အပျက် မဖြစ်စေဘူး””ဟု Out of the Control မဏ္ဍပ်စီစဉ်သူက ပြောသည်။

ယခုနှစ် ၂၀၁၄ ခုနှစ် သင်္ကြန် ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ရေဆော့ကစားနိုင်ရန် နိုင်ငံတော်မှ တာဝန် ရှိသူများက လုံခြုံရေးအင်အား အဘက်ဘက်မှ တိုးမြှင့်ပေးရန် လိုအပ်လာပြီဖြစ်သည်။ နှစ်စဉ် အတာသင်္ကြန် ပွဲတော်တွင် အစိုးရ တာဝန်ရှိသူများ၏ လျစ်လျူရှုခံရသော ပြည်သူ့လုံခြုံရေးကို အလေးထား ဆောင်ရွက်ရန် စနစ်တကျ ပြုလုပ်ရန် ပြည်သူများ စောင့်မျှော်လျက် ရှိသည်။
မြန်မာသံတော်ဆင့်