တပ်ထဲတွင် တိုင်းရင်းသားများ ရာထူးနေရာချထားမှု ခွဲခြားမှုမရှိဟု ကာချုပ်ပြော အခြေခံဥပဒေမှာ လူပုဂ္ဂိုလ်တစ်ဦး၊ ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ တိုင်းရင်းသားတစ်ခု၊ တပ်မတော်အတွက် ရေးဆွဲခဲ့ခြင်းမဟုတ်ဟု ကာချုပ်ဆို

ပို့စ်တင်ချိန် - 3/28/2014 01:26:00 PM


(၆၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် [ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) ]

တပ်ထဲတွင် တိုင်းရင်းသားများအား ရာထူးနေရာချထားပေးမှုတွင် ခွဲခြားထားခြင်းမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

တိုင်းရင်းသားလူမျိုးစုများသည် တပ်မတော်ရှိ အဆင့်တိုင်းတွင် တာဝန်ထမ်းဆောင်နေကြကြောင်း၊ မည်သည့်တိုင်းရင်းသားဖြစ်မှ ရာထူးပေးမည်ဆိုပြီး ခွဲခြားထားမှုမရှိကြောင်း၊ နိုင်ငံနှင့် တပ်မတော်အပေါ်တွင် သစ္စာရှိမှု၊ စစ်ရေး၊ နိုင်ငံရေးအမြင်ရှိပါက အဆင့်မြင့်ရာထူးများတွင် တာဝန်ထမ်းဆောင်ခွင့်ရှိကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆိုသည်။

မတ်လ ၂၇ ရက်တွင် ကျင်းပခဲ့သော (၆၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား၌ ပြောကြားသော မိန့်ခွန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

‘‘တိုင်းရင်းသားတွေထဲက တပ်မတော်မှာ ဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့သူတွေရှိသလို တိုင်းမှူးနဲ့အထက် တာဝန်ထမ်းဆောင်နေကြတဲ့သူတွေထဲမှာလည်း တိုင်းရင်းသားတွေ ပါရှိနေတာတွေ့ကြရမှာဖြစ်တယ်’’ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆိုသည်။

လက်ရှိတပ်မတော်၏ ထိပ်ပိုင်းအရာရှိကြီးများတွင် တိုင်းရင်းသားများပါဝင်မှု ရာခိုင်နှုန်း နည်းပါးနေပြီး တိုင်းရင်းသားများလည်း တပ်ထဲတွင် ရာထူးမြင့်မြင့်မားမားပေးမှု အားနည်းနေသည်ကို တွေ့ရှိရသည်ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)ကလည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းဆွေးနွေးပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်လိုကြောင်း တောင်းဆိုမှုများရှိသည်။

တပ်မတော်သည် တိုင်းရင်းသားပြည်သူများဖြင့် စတင်ဖွဲ့ စည်းတည်ထောင်ခဲ့သည့်အတွက် ပြည်ထောင်စု တပ်မတော်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၆၉) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

(၆၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် မိနစ်သုံးဆယ်ကြာ ပြောကြားခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း၌ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ခေတ်မီတပ်မတော် တည်ဆောက်ရေး၊ တပ်တွင်းတည်ဆောက်ရေးကိစ္စရပ်များ ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသားလူမျိုးစုတစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲခဲ့ခြင်းမဟုတ်ကြောင်း၊ ပြင်ဆင်ရန် လိုအပ်လာပါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပြဋ္ဌာန်းထားမှုများနဲ့အညီ ဆောင်ရွက်သွားရမည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲလျှင် တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားနိုင်ကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံ ရှင်သန်နိုင်ရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားပြည်သူအားလုံးက အလေးထားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

7 Day Daily