၂၀၀၆ ခုနှစ်က အကျိုးအမြတ်မကိုက်၍ မလုပ်ဘဲ ပြန်အပ်ခဲ့သော ဆီဒိုးနားဟိုတယ်နှင့် ဗဟိုဘဏ်ကြားရှိ ပြည်သူပိုင်မြေ ၁၀ ဧကကျော်ကို ယခုမြေဈေးတက်ချိန်၌ ရွှေသံလွင်ကုမ္ပဏီက စီမံကိန်းလုပ်ရန် ပြန်တောင်း

ပို့စ်တင်ချိန် - 3/05/2014 12:50:00 PM


ရွှေသံလွင်ကုမ္ပဏီမှ တောင်းထားသော မြေဧရိယာ (မျဉ်းအနီဖြင့် ဖော်ပြထား) အား Google earth မှတစ်ဆင့် တွေ့ရစဉ်

၂၀၀၆ ခုနှစ်ကတည်းက အကျိုးအမြတ်မကိုက်သည့်အတွက် မလုပ်တော့ဘဲ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ပြန်အပ်ခဲ့သော စက်မှု (၁) လမ်းမပေါ် ဆီဒိုးနားဟိုတယ်နှင့် ဗဟိုဘဏ်ကြားရှိ ပြည်သူပိုင်မြေ ၁၀ ဧကကျော်ကို ယခုအခါ ရွှေသံလွင်ကုမ္ပဏီက စီမံကိန်းပြန်လည်လုပ်ကိုင်ရန်အတွက် တင်ပြထားကြောင်း အစိုးရအသိုင်းအ၀ိုင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သူအချို့ထံမှ စုံစမ်းသိရှိရသည်။

ရွှေသံလွင်ကုမ္ပဏီသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အကျိုးတူအဖြစ် ပညာ့ဝတီအိမ်ရာစီမံကိန်း (၁) ကို ၂၀၀၂ ခုနှစ်က အပြီးတည်ဆောက်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ပညာ့ဝတီအိမ်ရာ စီမံကိန်းအပိုင်း (၂) ကို တည်ဆောက်ရန်အတွက် မြေ ၁၀ ဧကကျော် ကျယ်ဝန်းသည့်ဧရိယာ (ဆီဒိုးနားဟိုတယ်နှင့် ဗဟိုဘဏ်ကြား၊ ပညာ့ဝတီ အိမ်ရာစီမံကိန်း (၁) နှင့် ဆက်စပ်နေ သည့် မြေ၊ လက်ရှိ ရန်ကင်းတိုက်ခန်းဟောင်းများ ဖျက်ဆဲနေရာအပါအ၀င်) ကို ရယူခဲ့သည်။

သို့သော် စီမံကိန်းအကောင်အထည်ဖော်ရန် အခက်အခဲများရှိသည်ဟုဆိုကာ စီမံကိန်းကို ၂၀၀၆ ခုနှစ်ကတည်းက အိုးအိမ်သို့ ပြန်လည်အပ်နှံထားခဲ့ကြောင်း သိရသည်။

ရွှေသံလွင်မှ ပြန်လည်အပ်နှံစဉ် တင်ပြသည့် အကြောင်းအချက်အချို့မှာ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရာတွင် ခွဲဝေသည့် အချိုးကို ၂၀း ၈၀ မှ ၄၀း ၆၀ သို့ ပြောင်းလဲလိုက်သည့် အချက်ပါဝင်သည်ဟု သိရသည်။

ယင်းသို့ ပြောင်းလဲလိုက်စဉ်က ရွှေသံလွင်ကုမ္ပဏီတစ်ခုတည်းမဟုတ်ဘဲ အိုးအိမ်နှင့်အကျိုးတူလုပ်ကိုင်သည့် ကုမ္ပဏီများအားလုံး အဆိုပါပြောင်းလဲသည့်အချိုးကို လိုက်နာရခြင်းဖြစ်သည်။

ထိုစဉ်က ကုမ္ပဏီအချို့မှာ ရှုံးမည်စိုး၍ ပြန်လည်အပ်နှံခြင်းမရှိဘဲ စိုက်ထုတ်ကာ အရှုံးခံ၍ ပြီးစီးဆောက်လုပ်သွားသည့် ကုမ္ပဏီများစွာရှိပြီး ယနေ့အထိလည်း ပြီးဆုံးအောင် တည်ဆောက်နေသည့်ကုမ္ပဏီများလည်းရှိသည်ဟု သိရသည်။

ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတရုံးကလည်း ၀န်ကြီးဌာနများအနေဖြင့် စီမံကိန်းများကို တင်ဒါခေါ်ယူပြီးမှ ယှဉ်ပြိုင်လုပ်ကိုင်ရန် အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်သည်။

ယခုစီမံကိန်းမှာ ရပ်ထားပြီး ပြန်လည်အပ်နှံထားခဲ့သော စီမံကိန်းဖြစ်သည့်အတွက် စီမံကိန်းပြန်လုပ်မည်ဆိုပါက တင်ဒါခေါ်ယူပြီး နိုင်ငံအတွက် အကောင်းဆုံးလုပ်ကိုင်နိုင်သူကိုသာ ရွေးချယ်လုပ်ကိုင်ခွင့်ပြုရမည် ဖြစ်ကြောင်း၊ သို့မှသာ လက်ရှိစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရွှေသံလွင်ကုမ္ပဏီမှ အဆိုပါအပ်နှံထားခဲ့ပြီးဖြစ်သည့် စီမံကိန်းကို ပြန်လည်လုပ်ကိုင်လိုကြောင်း Shwe Than Lwin Highway ကုမ္ပဏီလီမိတက်အမည်ဖြင့် တင်ပြလျှောက်ထားပြီး ဆောက်လုပ်ရေး ၀န်ကြီးဌာနမှလည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများထံ ထပ်မံတင်ပြထားပြီးဖြစ်သည်ဟု သိရသည်။

ရွှေသံလွင်ကုမ္ပဏီမှ ပြန်အပ်ခဲ့သောနေရာမှာ လက်ရှိတွင် ၁ ပေပတ်လည် ကျပ် ၆၀၀၀၀၀ ကျော်အထိ ဈေးမြင့်တက်လာသည့်နေရာဖြစ်သည်။

အိုးအိမ်နှင့် အကျိုးတူပူးပေါင်း၍ တည်ဆောက်ခဲ့သူ လုပ်ငန်းရှင်ကြီးတစ်ဦးက "ကျွန်တော်တို့လည်း အဲဒီတုန်းကရှုံးမှန်းသိရက်နဲ့ လုပ်ခဲ့ရတာပဲ။ အဲဒီတုန်းကအရှုံးမခံဘဲ ပြန်အပ်ခဲ့ပြီး အခုမြေဈေးထိုးတက်ပြီး မြတ်နိုင်မှပြန်လုပ်မယ်ဆိုတာမျိုးကတော့ ဖြစ်သင့် မသင့် နိုင်ငံတော်အနေနဲ့ စဉ်းစားရမှာပေါ့။ နောက်တစ်ချက်က ပြည်သူပိုင်မြေမှာအများနဲ့ဆိုင်တဲ့ စီမံကိန်းလုပ်မှာဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတ ပြောထားတဲ့အတိုင်း တင်ဒါခေါ်ရမယ်၊ အကောင်းဆုံးလုပ်နိုင်တဲ့သူလက်ထဲ ထည့်ရမယ်။ ဒါမှ နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ စည်းကမ်းနဲ့ညီမှာပါ" ဟု ပြောကြားသည်။

ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းသည် ယခင်က ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်တို့နှင့်ရင်းနှီးပြီး ယခုအစိုးရသစ် လက်ထက်တွင်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတတို့၏ ခရီးစဉ်များတွင် မကြာခဏ လိုက်ပါခွင့်ရရှိကာ ရင်းနှီးသူဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရင်းနှီးသူတစ်ဦးဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း စက်မှုဝန်ကြီးဌာနကို တာဝန်ယူစဉ်ကလည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကလည်းကောင်း ကန့်သတ်ကုန်စည်ဖြစ်သည့် ဘီယာထုတ်လုပ်ခွင့်၊ စီးကရက်ထုတ်လုပ်ခွင့် (ရွှေသံလွင်စက်မှုဇုန်တွင်) များအထိပါ ရရှိခဲ့သူဖြစ်သည်။

၎င်းအပြင် ၉၂၆ ဧက ကျယ်ဝန်းသည့် စစ်တောင်းစက္ကူစက်ရုံကို တစ်လငှားရမ်းခ ကျပ်သိန်း ၁၈၀ တည်းဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ရှုံးသည့်အတွက်ဟုဆိုကာ ငှားရမ်းခကိုပင် ပေးသွင်းရန်မလိုဘဲ လျှော့ပေးခဲ့သည့် အခွင့်အရေးကိုလည်းကောင်း၊ မြေဧရိယာ ၁၀၅ ဧက ကျော်ကျယ်ဝန်းသည့် ဘီးလင်းသကြားစက်ရုံကို တစ်လငှားရမ်းခ ကျပ် ၂၅ သိန်းတည်းပင် လုပ်ကိုင်ခွင့်ပြုခဲ့သည့် အခွင့်အလမ်းများကိုလည်း ထပ်မံရရှိခဲ့သည်။

ရွှေသံလွင်ကုမ္ပဏီသည် တစ်ဖက်တွင် ဘီယာ၊ စီးကရက်စက်ရုံတည်ထောင်ခွင့်များ ရရှိလုပ်ကိုင်နေပြီး တစ်ဖက်တွင်လည်း ရွှေသံလွင် မီဒီယာအဖြစ် Sky Net ရုပ်သံလိုင်းနှင့် ရွှေ FM တို့ကို တည်ထောင်လုပ်ကိုင်လျှက်ရှိသည်။

Sky Net ရုပ်သံလိုင်းအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရာတွင် သုံးနှစ်အခွန်ကင်းလွတ်ခွင့်ရရှိခဲ့ပြီး နိုင်ငံတော်နှင့် အကျိုးအမြတ်ခွဲဝေရာတွင်လည်း စတင်ခွဲဝေမည့် နှစ်များအတွင်း နိုင်ငံတော်မှ လေးရာခိုင်နှုန်းသာရပြီး ရွှေသံလွင်က ၉၆ ရာခိုင်နှုန်း အကျိုးအမြတ်ရသည်အထိ အခွင့်အရေးများစွာ ရရှိထားသည်။

ရွှေသံလွင်ကုမ္ပဏီသည် BOT စနစ်ဖြင့် လမ်းတံတားကြေး ကောက်ခံသည့်လုပ်ငန်း၊ စက်သုံးဆီလုပ်ငန်း၊ သတ္တုတွင်းထွက်နှင့် ကျောက်မျက်လုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ စက်မှုဇုန်တည်ထောင်ပြီး ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများမှအစ ဘတ်စ်ကားလိုင်းပြေးဆွဲသည့် လုပ်ငန်းအဆုံး လုပ်ငန်းပေါင်းများစွာ တည်ထောင်လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။

ရွှေသံလွင်ကုမ္ပဏီအမည်အပါအ၀င် ကုမ္ပဏီပေါင်း ၂၀ အထိ (လက်လှမ်းမီသမျှ) တည်ထောင်လုပ်ကိုင်လျက်ရှိပြီး အခွင့်အရေးပေါင်းများစွာရရှိခဲ့သော်လည်း ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပြန်သည့် ထိပ်တန်းဝင်ငွေခွန်ဆောင်သည့် ၅၀၀ စာရင်းတွင် ကုမ္ပဏီ ၂၀ စလုံး ပါဝင်လာခြင်းမရှိဘဲ ထိပ်တန်းကုန်သွယ် လုပ်ငန်းခွန်ဆောင်သည့် ၅၀၀ စာရင်း၌လည်း ကုမ္ပဏီတစ်ခုသာ ပါဝင်လာခဲ့သည်။

လက်ရှိအချိန်တွင် မြို့ပြအိမ်ရာစီမံကိန်းများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မြေများအပြင် တပ်မတော်ပိုင်မြေများအထိပါ တင်ဒါခေါ်ယူပြီးမှ လုပ်ကိုင်ခွင့်ပြုလျက်ရှိပြီး ၅၀း၅၀ အချိုးဖြင့်ပင် ရယူလုပ်ကိုင်သူအများအပြားရှိနေရာ နိုင်ငံတော်၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း ယခုကဲ့သို့ ၁၀ ဧကကျော် ကျယ်ဝန်းသည့် ပြည်သူပိုင်မြေပေါ်တွင် တည်ဆောက်မည့် စီမံကိန်းအတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ တင်ဒါခေါ်ယူ လုပ်ကိုင်သင့်သည်။

ရွှေသံလွင်မိသားစု ပိုင်ဆိုင်သည့်၊ ဆက်စပ်ပတ်သက်သည့် ကုမ္ပဏီအချို့စာရင်း

၁။ Shwe Than Lwin Gems Co.,Ltd
၂။ Shwe Than Lwin Media Co.,Ltd
၃။ Shwe Than Lwin Mining Co.,Ltd
၎။ Shwe Than Lwin Trading Co.,Ltd
၅။ ECO Communication Public Co.,Ltd (အများပိုင်)
၆။ Golden Pyit Taing Htaung Services Co.,Ltd
၇။ Golden Pyit Taing Htaung Trading Co.,Ltd
၈။ Shwe Thazin Construction Co.,Ltd
၉။ It Is Myanmar Trading Co.,Ltd
၁၀။ People Media Public Co.,Ltd (အများပိုင်)
၁၁။ Shwe Nanda Trading Co.,Ltd
၁၂။ Shwe Nay Minn Gyi Co.,Ltd
၁၃။ Shwe Shan Pyi Public Co.,Ltd (အများပိုင်)
၁၄။ Than Lwin Aye Yar Export Import Co.,Ltd
၁၅။ Than Lwin Aye Yar Gems Co.,Ltd
၁၆။ Than Lwin Aye Yar Industrial Production & Construction Co.,Ltd
၁၇။ Than Lwin Aye Yar Travels & Tours Co.,Ltd
၁၈။ Myanmar Towards Co.,Ltd
၁၉။ Shwe Thanlwin Highway Co.,Ltd
၂၀။ Shwe Thu Kha Mein Trading Co.,Ltd

မှတ်ချက်။ ။ ကုမ္ပဏီအမည်များအားလုံး ၀င်ငွေခွန်ပေးဆောင်သည့် ၅၀၀ ဦးစာရင်းတွင် ပါဝင်ခြင်းလုံးဝမရှိပေ။

Eleven Media Group