တွံတေး တူးမြောင်းဝ၌ မီးပြကျောက်တိုင်နှင့် ငါးဖမ်းစက်လှေ ရွက်တိုင် ငြိမိရာမှ စက်လှေ တိမ်းမှောက်

ပို့စ်တင်ချိန် - 3/21/2014 08:39:00 PM


ရန်ကုန်၊ မတ် ၂၀

ရန်ကုန်မြစ်မှ တွံတေး တူးမြောင်းဝရှိ လွန်းကျင်းတစ်ခုတွင် ဒေါက်တင်ရန် စက်လှေ တစ်စီးဖြင့် ဆွဲလာသော ငါးဖမ်းစက်လှေ တစ်စီးမှာ မတ်လ ၂၀ ရက် နံနက် ၅ နာရီခန့်က တွံတေး တူးမြောင်းဝ မီးပြကျောက်တိုင်နှင့် စက်လှေ၏ ရွက်တိုင် ငြိမိရာမှ ငါးဖမ်းစက်လှေ တိမ်းမှောက် နစ်မြုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ဆိပ်ကမ်းမြို့နယ်၊ ပုဇွန်တောင်ချောင်း၊ ဟိုင်လုံ ဆိပ်ကမ်းရှိ အဏ္ဏဝါ ဆိပ်ခံတံတားမှ ထာဝရမြတ်အောင် (၇) ငါးဖမ်းစက်လှေကို တွံတေး တူးမြောင်းဝရှိ ထွန်းသော်တာ လွန်းကျင်းတွင် ဒေါက်တင်ရန် အခြားစက်လှေ တစ်စီးဖြင့် ဆွဲလာစဉ် တွံတေး တူးမြောင်းဝ မီးပြကျောက်တိုင်နှင့် ယင်းဒေါက်တင်ရန် ဆွဲလာသော ငါးဖမ်းစက်လှေ၏ ရွက်တိုင်ငြိကာ ရွက်တိုင်ကျိုးရာမှ စက်လှေ တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိပ်ကမ်းမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

“မနက်ပိုင်း မြစ်ထဲမှာ မြူတွေ ဆိုင်းနေတော့ မီးပြကျောက်တိုင်ကို အနီးကပ်မှ မြင်ရတော့ ကွေ့ရှောင်ခဲ့တာ ရှေ့က မောင်းတဲ့ စက်လှေက လွတ်သွားပေမယ့် နောက်က ဆွဲလာတဲ့ စက်လှေ ရွက်ဖျင်နဲ့ ကျောက်တိုင်ငြိပြီး စက်လှေ နစ်မြုပ်ခဲ့တာ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ မီးပြကျောက်တိုင်နှင့် ရွက်တိုင်ငြိပြီး တိမ်းမှောက်ခဲ့သော အလျား ၉၅ ပေ၊ အနံ ၂၃ ပေ၊ ရေစူး ၁၃ ပေရှိ ထာဝရမြတ်အောင် (၇) ငါးဖမ်းစက်လှေကို နံနက် ၁၁ နာရီခန့်က ပြန်လည် ဆယ်ယူခဲ့ကြောင်း၊ အဆိုပါ စက်လှေ နစ်မြုပ်မှုကို အမှုဖွင့်သွားမည် ဖြစ်ကြောင်း ဆိပ်ကမ်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly