ချင်းပြည်နယ်တွင် လေယာဉ်ကွင်းဆောက်ရန်စီစဉ်

ပို့စ်တင်ချိန် - 3/17/2014 09:02:00 PM


ရန်ကုန်၊ မတ် ၁၆

ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဒေသတစ်ခု ဖြစ်သည့် ချင်းပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသည်များ သွားလာရ လွယ်ကူစေရန်အတွက် လေယာဉ်ကွင်း ဆောက်လုပ်ရန် စီစဉ်နေကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက The Voice သို့ ပြောကြားသည်။

လေယာဉ်ကွင်း တည်ဆောက်ရန်အတွက် တီးတိန်၊ ဟားခါး၊ ဖလမ်းစသည့် မြို့သုံးမြို့တွင် သုတေသန ပြုလုပ်လျက်ရှိပြီး မြေနေရာ အကျယ်အဝန်း၊ မိုးရေချိန် စသည်တို့ကို အခြေခံ၍ ဖြစ်နိုင်ခြေ ရှိသည့်မြို့ကို ရွေးချယ်ဒီဇိုင်းဆွဲကာ ပို့ဆောင်ရေး ဝန်ကြီးဌာနသို့ တင်ပြမည် ဖြစ်ကြောင်း လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောဆိုသည်။

လက်ရှိတွင် ချင်းပြည်နယ်သို့ သွားရန် ကလေးလေဆိပ်မှတစ်ဆင့် သွားရပြီး ချင်းပြည်နယ်သို့ သွားသည့် ခရီးသည် မည်မျှ ရှိသည်ကို တိတိကျကျ မပြောနိုင်သဖြင့် ဈေးကွက် အနေအထားကို ခန့်မှန်း၍ မရကြောင်း Air KBZ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ ကနေဒီတောင်၊ တီးတိန်၊ ဖလမ်းတို့ကို လည်ပတ်ရန် ကလေးမြို့လေဆိပ်မှ သွားရပြီး ဧည့်သည် နည်းပါးကာ လေယာဉ်ခရီးစဉ် ပြေးဆွဲမှု နည်းပါးသဖြင့် ပုံမှန်သွား၍ မရကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောဆိုသည်။

တစ်နိုင်လုံးရှိ လေယာဉ်ကွင်း ၆၉ ခု အနက် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း သုံးခုနှင့် ညောင်ဦး၊ ဟဲဟိုး၊ သံတွဲစသည့် လေယာဉ်ကွင်းများမှာ နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်နိုင်ကာ ပြည်တွင်း လေကြောင်းလိုင်း ကိုးလိုင်းက ပြည်တွင်း လေဆိပ်များကို ဆင်းသက်ပျံသန်းလျက် ရှိကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်

The Voice Weekly