မလေးရှားလေယာဉ် ပျောက်ဆုံးမှုအပေါ် နက္ခတ်သိပ္ပံကျောင်း အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုရဲ့ သုံးသပ်ချက်

ပို့စ်တင်ချိန် - 3/17/2014 10:29:00 AM


Written by Aung SOE

မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းသို့ ပျံသန်းလာသော မလေးရှားလေကြောင်းပိုင် လေယာဉ်သည်
တောင်တရုတ် ပင်လယ်ပြင်၌ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ပျောက်ဆုံးခဲ့ရာ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လေယာဉ်အစီး ၄၀ ကျော်၊ သင်္ဘောအစီး ၄၀ ခန့်ဖြင့် ရှာဖွေနေသည့်တိုင် ၆ ရက် ကျော်လွန်လာသည်အထိ သဲလွန်စမရ ဖြစ်နေသည်။ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် အမှုထမ်း ၁၂ ဦးလိုက်ပါလာသော ယင်းလေယာဉ်မှာ မည်ကဲ့သို့သော ကံကြမ္မာများ တွေ့ဆုံခဲ့ရသည်ကို နက္ခတ်ပညာ ရှုထောင့်မှနေ၍ မှန်းဆချက်များကို သိရှိနိုင်ရန် နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံကျောင်း အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးဇေယျာကိုနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်

Voice ။ ။ ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က ဘယ်လို ဘေးအန္တရာယ်နဲ့ တွေ့ကြုံနေရလဲဆိုတာ နက္ခတ်ပညာ ရှုထောင့်ကနေ မှန်းဆလို့ ရနိုင်မလား ဆိုတာကို ပထမဆုံး သိချင်ပါတယ်။

ဦးဇေယျာကို ။ ။ ဒီလေယာဉ်က မတ်လ ၇ ရက်နေ့ ညကနေ မတ်လ ၈ ရက်နေ့ကိုအကူး ည ၁၂ နာရီ ၄၁ မိနစ်အချိန်မှာ ကွာလာလမ်ပူ လေဆိပ်ကနေ စတင်ထွက်ခွာတာဆိုတော့ လေယာဉ် စထွက်တဲ့အချိန်မှာ ဘယ်လိုဂြိုဟ် ရပ်တည်မှုတွေကို ကြည့်ရတယ်။ အနေအထားတွေက အဓိက လေကြောင်းပိုင်းဆိုင်ရာ အန္တရာယ် ဖြစ်စေတဲ့ ရာဟုဂြိုဟ်ဟာ တူရာသီမှာ တည်ရှိနေပြီး တူရာသီ အတွင်းမှာပဲ အင်္ဂါဂြိုဟ်နဲ့ နီးနီးကပ်ကပ် ပူးယှဉ်နေတယ်၊ အင်္ဂါဂြိုဟ်နဲ ရာဟုပူးယှဉ်မှုဟာ လေယာဉ်နဲ့ ပတ်သက်တဲ့ ဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခြင်းကို တွန်းအားပေးတဲ့ ဂြိုဟ်ခွင် အနေအထား ဖြစ်နေတယ်။ လေယာဉ် စတင်ပျံသန်းတဲ့ အချိန်ကို ဇာတာဖွဲ့တဲ့အခါ ဗြိစ္ဆာလဂ် ဝဂ္ဂုတ္တမ နဝင်းရတဲ့ အချိန်မှာ ဖြစ်နေတယ်။ ဗြိစ္ဆာလဂ်ရဲ့ သဘောက လျှို့ဝှက်ပဟေဠိဆန် တဲ့ ဘေးအန္တရာယ် ကို ဖြစ်စေတဲ့အတွက် လေယာဉ်ဟာ စက်ချို့ယွင်းတာတို့၊ အကြမ်းဖက်ခံရတာတို့ မဟုတ်ဘဲ ကောင်းကင်ယံမှာပဲ ကြီးမားပြင်းထန်စွာ ပေါက်ကွဲသွားတယ်လို့ ယူဆပါတယ်။
တာဝန်ရှိသူတွေ အနေနဲ့လည်း ဒီလေယာဉ်မှာ ဘာပစ္စည်းတွေ ပါသွားတယ်ဆိုတာ ဆန်းစစ်ဖို့လိုမယ်။

Voice ။ ။ ဂြိုဟ်နက္ခတ်တွေအရ တွက်ကြည့်တာ ပေါက်ကွဲခဲ့တာဆိုရင် ဒီအချိန်မှာ တစ်ပြိုင်တည်း ပျံနေတဲ့ တခြားလေယာဉ်တွေ တစ်ကမ္ဘာလုံး ရှိနေတာပဲလေ။ သူတို့ကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ။

ဦးဇေယျာကို ။ ။ တခြားလေယာဉ်တွေ ရှိနိုင်ပေမယ့် လေယာဉ် စတင်ပျံသန်းချိန်၊ လေကြောင်းခရီးစဉ် အမှတ်တွေ မတူညီနိုင်ပါဘူး ။ လေယာဉ်မှူး ကံဇာတာက တခြား လေယာဉ်မှူးတွေနဲ့ မတူညီနိုင်ပါဘူး။ နောက်ထူးခြားချက် အနေနဲ့ လေကြောင်း ခရီးစဉ် အမှတ်က MH370 ဖြစ်နေတဲ့ ဂဏန်း သင်္ချာပိုင်းအရ သုံးဂဏန်းက အင်္ဂါကို ကိုယ်စားပြုပြီး ၇ နဲ့ ၀ က စနေကို ကိုယ်စားပြုတာပါ၊ အင်္ဂါနဲ့ စနေနှစ်ခုလုံးဟာ မကောင်းတဲ့ နောက်ဆုံးပိတ် ရာသီမှာ ရှိနေတဲ့အတွက် ဒီလေကြောင်း ခရီးစဉ်ဟာ အညံ့ကိန်းတွေ ရှိနေတာ ဖြစ်ပါတယ်။ နောက်အရေးကြီဆုံး တစ်ချက်ကတော့ လေယာဉ်ကို ဦးဆောင် မောင်းခဲ့တဲ့ လေယာဉ်မှူးကြီးဟာ ၁၉၆၁ ဇူလိုင်လ ၃၁ ရက်မှာ မွေးခဲ့တာ ဖြစ်တဲ့အတွက် သူမွေးတဲ့ရက် ဂြိုဟ် အနေအထားတွေအရ အင်္ဂါနဲ့ ရာဟုဂြိုဟ်နှစ်ခုဟာ သိဟ်ရာသီမှာ တည်ရှိနေတဲ့အတွက် တစ်ချိန် မဟုတ်တစ်ချိန် လေယာဉ်ပျက်ကျမှု တွေ့ကြုံရမယ့် ဇာတာရှင် ဖြစ်နေတယ် ဆိုတာပါပဲ။ လေယာဉ် တစ်စီးလုံးပါတဲ့ ခရီးသည်တွေနဲ့ အမှုထမ်းတွေရဲ ကံကြမ္မာထက် လေယာဉ်မှူးကြီးရဲ့ ကံဇာတာက ပိုပြီးသက်ရောက်မှု ကြီးပါတယ်။

Voice ။ ။ ဒါဆိုရင် ခရီးသည်တွေရဲ့ အခြေအနေက ဘယ်လို ရှိနိုင်ဆိုတာ သိပါရစေ။

ဦးဇေယျာကို ။ ။ ဒီစိတ်မချမ်းမြေ့ဖွယ် ဟောကိန်းတွေကို အပြန်အလှန် တွက်ချက်ပြီးမှ စိတ်မသက်မသာနဲ့ ထုတ်ရတာပါ။ လေယာဉ် စတင်ပျံသန်းချိန်ရဲ့ ဂြိုဟ်အနေအထား၊ လေကြောင်း ခရီးစဉ်အမှတ်၊ လေယာဉ်မှူးကြီးရဲ့ကံဇာတာ စတာတွေကို သုံးသပ်ပြီး ပြောရရင် လေယာဉ် အမှုထမ်းနဲ့ ခရီးသည် အားလုံး အသက်ခန္ဓာ ကြွေပျက်ကိန်း များပါတယ်။ သူတို့အားလုံးရဲ့ အလောင်းတွေ ပြန်တွေ့ဖို့ကလည်း ၂၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။

Voice ။ ။ ကောင်းကင်မှာပဲ လေယာဉ် ပေါက်ကွဲ ပျက်စီးသွားပြီဆိုရင် သဲလွန်စတွေ ဘာလို့ ရှာမတွေ့သေးတာလဲ၊ ပင်လယ်ပြင်မှာ လေယာဉ် ၄၀ နဲ့ သင်္ဘော ၄၀ နဲ့ ရှာနေတာ ဘာလို့ ရှာမတွေ့သေးတာလဲ၊ အချိန် ဘယ်လောက်ကြာ ရှာရမလဲ။

ဦးဇေယျာကို ။ ။ လေယာဉ်နဲ့ ပတ်သက်ပြီး အပိုင်းအစတွေ ပင်လယ်ပြင်ထက်စာရင် သဲသောင်ပြင်တွေ၊ ကျွန်းတွေ၊ တောတောင် ထူထပ်တဲ့ နေရာတွေမှာ တွေ့နိုင်ပါတယ်။ အရှေ့လောင်ဂျီကျု ၁၀၀ ဒီဂရီမှ ၁၁၀ ဒီဂရီ မြောက်လတ္တီတွဒ် ၁၀ ကနေ ၂၀ ဒီဂရီ အတွင်းမှာ တွေ့နိုင်မှာ ဖြစ်တဲ့အတွက် ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ မြောက်ပိုင်းတို့နဲ့ သက်ဆိုင်နေပါတယ်။ ဘယ်အချိန်မှာ ပြန်ရှာတွေ့မလဲဆိုတော့ လေကြောင်း ခရီးစဉ်အမှတ် ၃၇၀ ဖြစ်နေတဲ့ အတွက် ၃ ရက်မြောက်နေ့၊ ၇ ရက်မြောက်နေ့နဲ့ ၁၀ ရက်မြောက်နေ့တွေမှာ တိကျ သေချာတဲ့ သဲလွန်စတွေ ရရှိမှာပါ။ ကျွန်တော်ဟာ သာမန်ပုထုဇဉ် တစ်ယောက်သာ ဖြစ်တဲ့အတွက် ကျိန်းသေတွေ့ရမယ်လို့ ရာနှုန်းပြည့် မပြောနိုင်ပါဘူး၊ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။

Voice ။ ။ အခုလို ဖြေကြားပေးတာကို ကျေးဇူးပါခင်ဗျာ။


The Voice Weekly