ကြေးမုံကဲ့သို့ ကိုယ့်ကိုယ်ကို သတိဖြင့်ကြည့်ခြင်း

ပို့စ်တင်ချိန် - 3/09/2014 12:59:00 PM



      လူအများစုဟာ တစ်ခါတစ်လေမှာ အလုပ်တစ်ခုကို လုပ်ပီဆိုရင် သတိလက်လွတ်လုပ်တတ်ကြတယ်။ စကားပြောရင်လည်း ပဲ သတိလက်လွတ်ပြောတတ်ကြတယ်။ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် မဖြစ်သင့်တာတွေ ဖြစ်တာပေါ့။ ခိုက်ရန်တွေ ဖြစ်တယ်။ ဆက်ဆံရေးတွေ ပျက်ပြားလာတယ်။ ခင်မင်မှုတွေ သစ္စာတွေ မေတ္တာတွေ လျော့နည်းလာတယ်။ အသက်ဆုံးရှုံးတဲ့အထိဖြစ်လာ တယ်။ မဆင်မခြင်လုပ်ရပ်ဟာ နောက်ဆုံး ကိုယ့်လူမျိုး ကိုယ့်ဘာသာဂုဏ်သိက္ခာကိုပါ ထိပါးလာတယ်။      
       သတိမမူ ပြောဆိုပြုမူခြင်းဟာ မိမိကိုရော သူများတွေကိုရော ထိခိုက်နစ်နာမူတွေကို ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဘုရားရှင် ကိုယ်တော်မြတ်က မှန်ဥပမာနဲ့ သတိပေးတော်မူခဲ့ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က သားတော်ရာဟုလာကို အောက်ပါ အတိုင်း ဆုံးမတော်မူပါတယ်။
       ရာဟုလာ၊ ကြေးမုံဟာ ဘယ်လိုအကျိုးရှိသလဲ?
       ကြည့်ရှုရခြင်းအကျိုးရှိပါတယ်ဘုရား။
       ရာဟုလာ ဤဥပမာအတိုင်း ကြည့်ရှု့ဆင်ခြင်၍ ကိုယ်အမှုကို ပြုရမယ်။ ကြည့်ရှုဆင်ခြင်၍ နှုတ်အမှုကို ပြုရမယ်။ ကြည့်ရှု ဆင်ခြင်၍ စိတ်အမှုကို ပြုရမယ်။
       ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာနဲ့ နဲ့ တစ်ခုခုကို ပြုတော့မယ်၊ ပြောတော့မယ်၊ ကြံတော့မယ်ဆိုရင် မပြုမီ၊ မပြောမီ၊ မကြံမီ "ဒီအလုပ်ဟာ မိမိ၊ သူတစ်ပါးကို အကျိုးမဲ့စေသလား၊ ကောင်းကျိုးတိုးပွားစေသလား"ဟု ကြည့်ရှုဆင်ခြင်ရမယ်။ အကျိုးမဲ့စေတယ်ဆိုရင် မပြုသင့်ဘူး။ ကောင်းကျိုးကို တိုးပွားစေတယ်ဆိုရင် လုပ်သင့်တယ်။
       ကိုယ်အမှုအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာနဲ့ ပြုမူ၊ ပြောဆို၊ ကြံစည်နေစဉ်မှာလည်း "ဒါဟာ မိမိသူတစ်ပါးနှစ်ဦးသားကို ထိခိုက်နေလား၊ ကုသိုလ်တိုးပွားစေသလား" ဟု ကြည့်ရှုဆင်ခြင်ရမယ်။ ထိခိုက်စေတယ်ဆိုရင် ချက်ချင်းရပ်လိုက်ပါ။ ကုသိုလ် တိုးပွားစေတယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာ ဆက်လုပ်ပါ။
       အကယ်၍ ကိုယ်အမှုအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာနဲ့ ပြုမူ၊ ပြောဆို၊ ကြံစည်ပြီးတဲ့အခါမှာလည်း "ကိုယ်လုပ်တဲ့ အလုပ်ဟာ မိမိသူတစ်ပါးကို ထိခိုက်စေခဲ့သလား၊ ကောင်းကျိုးတိုးပွားစေခဲ့သလား" ကြည့်ရှုဆင်ခြင်ရမယ်။ ထိခိုက်စေခဲ့တယ်ဆို ရင် ဆရာ၊ မိဘ၊ ပညာရှိ၊ သီတင်းသုံးဖော်တို့ထံမှာ ၀န်ချတောင်းပန်ပြီး နောက်ထပ်ဒါမျိုး ထပ်မလုပ်မိအောင် နေပါ။ ကောင်းကျိုး တိုးပွားစေခဲ့တယ်ဆိုရင်တော့ ထိုဝမ်းသာပီတိဖြင့် နေ့ရော ညဥ့်ပါ အဖန်တလဲလဲ အောက်မေ့ဆင်ခြင်ဝမ်းမြောက်ပါ။ ထပ်ခါတလဲလဲ ပြုမူ၊ပြောဆို၊ ကြံစည်ပါ။
       ထို့ကြောင့် ရာဟုလာ ဤသာသနာတော်မှာ ကြေးမုံလိုပဲ ကြည့်ရှုဆင်ခြင်၍သာလျှင် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ် အမူအရာတို့ကို ပြုမူပြောဆို ကြံစည်ရမယ်။
       အရမ်းကို သတိပြုစရာအချက်ပါပဲ။ အရှင်ရာဟုလာကို ဆုံးမခဲ့ပေမယ့် တကယ်တော့ နောင်လာနောက်သား တပည့်သား သမီးများကိုပါ ဆုံးမရာရောက်ပါတယ်။
       ဒါကြောင့် စာဖတ်သူပရိသတ်များလည်းပဲ နေ့စဉ် အိမ်မှာ ကိုယ့်ရုပ်ရဲ့ အပြစ်အနာအဆာတွေကို မှန်ထဲမြင်အောင် ကြည့်သလို မိမိတို့ ကိုယ်နှုတ်စိတ်သုံးပါး ပြုမူပြောဆိုကြံစည်တဲ့အခါမှာလဲပဲ မကြံခင်၊ ကြံဆဲ၊ ကြံပြီးနောက်တွေမှာ အပြစ်အနာအဆာတွေကို မှန်အောင်ကြည့်တတ်ဖို့လိုပါတယ်။ အားလုံး မှန်ကြည့်တတ်ပါစေ။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ