လမ်းတံတား အသုံးပြုခကောက်ခံမှု ဂိတ်ပေါင်း နှစ်ရာကျော် လေလံပစ်မည်

ပို့စ်တင်ချိန် - 3/24/2014 03:33:00 PM


မြန်မာနိုင်ငံတစ်ဝန်းမှ လမ်းတံတားအသုံးပြုခ ကောက်ခံမှုဂိတ်ပေါင်း နှစ်ရာကျော်အား လေလံပစ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ယခင်နှစ်များနည်းတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ လမ်း/တံတား အသုံးပြုသူများအား သင့်တင့်မျှတစွာ ကောက်ခံနိုင်ရေးအတွက် စံနှုန်းများကောက်ယူ၍ လေလံသတ်မှတ်ဈေးနှုန်းများဖြင့် လေလံတင်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော လမ်းပိုင်းများမပါဘဲ နိုင်ငံတစ်ဝန်းရှိ လမ်း/တံတား လေလံဂိတ်(၂၁၆)ဂိတ်ကို စိတ်ပါဝင်စားသူ တိုင်းရင်းသားလုပ်ငန်းရှင် မည်သူမဆို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အင်ဂျင်နီယာမှူးကြီးရုံးများနှင့် ဆက်သွယ်၍ ၀င်ရောက်ယှဉ်ပြိုင် လေလံရယူနိုင်သည်။

ပြီးခဲ့သည့် အပတ်ကလည်း မန္တလေးတိုင်းဒေသကြီး အင်ဂျင်နီယာမှူးရုံးတွင် ပြုလုပ်ခဲ့သည့် လမ်းတံတားဂိတ် အသုံးပြုခွင့်လေလံပွဲတွင် လေလံပေးပြီးသား လမ်းပိုင်းအချို့ ပါဝင်လာခဲ့ပြီး လေလံဝင်ရောက်ဆွဲသူများအား ဌာနက သတ်မှတ်ငွေများ ပြန်လည်ပေးအပ်ခဲ့ရမှုများ ရှိခဲ့သဖြင့် ယခုခေါ်ယူသည့် လေလံများတွင် ယင်းကဲ့သို့ အမှားအယွင်းများ မရှိစေရန် အထူးဂရုပြုဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ထို့ကြောင့် လမ်းတံတားဂိတ်များကို လေလံပစ်၍ လုပ်ငန်းရှင်အသစ်များအား ချထားလုပ်ကိုင်ခွင့်ပေးပါက ယခင်ကကဲ့သို့ နှုန်းထားများ မဟုတ်ဘဲ တိုးမြှင့်ကောက်ခံမည်ကို စိုးရိမ်မိပြီး တိုးမြှင့်ကောက်ခံပါက သယ်ယူပို့ဆောင်စရိတ် မြင့်မားလာနိုင်ကာ စားသုံးသူအပေါ်ကိုသာ သက်ရောက်မည်ကို စိုးရိမ်မိကြောင်း ကုန်တင်ယာဉ်ပိုင်ရှင်များအသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတစ်ဝန်းတွင် လမ်းတံတား ဂိတ်အသုံးပြုကောက်ခံခွင့် ဂိတ်ကြီး ဂိတ်ငယ်ပေါင်း တစ်ထောင်ကျော်ရှိပြီး ၂၀၁၃ မေလအထိ ကုမ္ပဏီ ၂၈ ခုမှ လမ်းမိုင်ပေါင်း ၃၅၀၀ ကျော်ကို ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားပြီး ကျန်ရှိသည့် လမ်းမိုင်များအား ဆက်လက်တင်ဒါခေါ်ရန် စီစဉ်လျက်ရှိသည်။

7 Day Daily