လပွတ္တာနာဂစ်ဒုက္ခသည်များ နေရာချထားရေးအခက်အခဲများ ရှိနေပြီးလွှတ်တော်အတွင်း အပြောနှင့်လက်တွေ့ ကွဲလွဲနေ

ပို့စ်တင်ချိန် - 3/17/2014 06:11:00 PM


လပွတ္တာ၊ မတ်လ ၁၇။

၂၀၀၈ခုနှစ်နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ယနေ့တိုင် အိုးအိမ်နေရာမဲ့ဖြစ်နေရသော လပွတ္တာမြို့နယ်ရှိ နာဂစ်ဒုက္ခသည်များအား မြေနေရာချထားရေး အခက်အခဲများ ဖြစ်ပေါ်နေလျှက်ရှိပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့၏ လွှတ်တော်တွင်း ဖြေကြားချက်များနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ချက်များ ကွဲလွဲနေကြောင်း လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

နာဂစ်ဒုက္ခသည်မိသားစု (၄၀၇)စုမှ လူဦးရေ(၁၀၀၀)ကျော်ကို လပွတ္တာမြို့အနီး သုံးမိုင်မြို့သစ်တွင် နေရာချထား ပေးမည်ဟု တိုင်းအစိုးရ ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်တို့မှ လွှတ်တော် အတွင်းမှ ပြောကြားခဲ့သော်လည်း အောက်ခြေရှိ တာဝန်ရှိသူများက နာဂစ်ဒုက္ခသည်များအတွက် လပွတ္တာမြို့နယ်အတွင်း အစုလေးရွာအနီး ငါးမိုင်အနားရှိ တောများကို ခုတ်ထွင်ရှင်းလင်းပြီး မြေနေရာချထားရန် ဆောင်ရွက်နေခြင်းကြောင့် လွှတ်တော်အတွင်း အပြောနှင့်အောက်ခြေတာဝန်ရှိသူများ၏ လုပ်ဆောင်ချက်များမှာ ကွဲလွဲမှု အများကြီးရှိနေကြောင်း ၎င်းကဆက်လက် ပြောသည်။

နာဂစ်ဒုက္ခသည်များ မြေနေယာအခက်အခဲများနှင့် ပတ်သတ်၍ သုံးမိုင်မြို့သစ်သည် နာဂစ်ဒုက္ခသည်များကို နေရာချထားပေးရန်အတွက် မြေကွက်များဖော်ထုတ်၍ တည်ဆောက်ခဲ့သည့်မြို့သစ်တစ်ခုဖြစ်ပြီး မြေကွက်ပေါင်း(၂၅၆၃)ကွက် ဖော်ထုတ်ခဲ့သည့်အနက် (၁၂၅၇)ကွက်ကို နေယာချထားပေးပြီးဖြစ်ရာ မြေကွက်အလွတ် (၁၃၀၆)ကွက် ကျန်ရှိနေသေးကြောင်း တိုင်းအစိုးရအဖွဲ့ ကလွှတ်တော်တွင် ဖြေကြားထားသည်။

“သုံးမိုင်မြို့သစ်မှာမြေကွက်တွေ အပိုင်ပေးမယ်ဆိုတော့ ၀မ်းသာခဲ့ ပါတယ်။ မြို့နဲ့နီးတော့ အလုပ်အကိုင်၊ သွားရေးလာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအားလုံး အဆင်ပြေနိုင်တယ်။ ခုတော့ငါးမိုင်နားက (ထွေ/အုပ်)တောစိုက်ခင်း နောက်ဘက် တောကြီးထဲမှာဆိုတော့ အားလုံးမှာ အခက်အခဲရှိတယ်။ ကျွန်မတို့ကို လပွတ္တာသုံးမိုင်မြို့သစ်ကို ရည်ရွယ်ပြီး မူချခဲ့တာဖြစ်တယ်။ ကျွန်မတို့ မပြောင်းနိုင်ဘူးလို့ ပြောထားတယ်”ဟု နာဂစ်ဒုက္ခသည်များဘ၀ လူမှုဖူလုံရေး ကော်မတီမှ ပြောဆိုခွင့်ရှိသူ ဒေါ်ခင်ဌေးက ပြောသည်။

လပွတ္တာမြို့နယ်ရှိ သုံးမိုင်မြို့သစ်တွင် အခြေတကျအကွက်ကြီးများရိုက်ကာ စက်မှုလုပ်ငန်းရှင်များ၊ မော်တော်ကားဝန်းများ၊ စက်ရုံအလုပ်ရုံများလုပ်ရန်အတွက် အခြေတကျ တည်ထားသောမြို့ဖြစ်၍ ယခုကဲ့သို့ ဗြောက်သောက်များကို ထည့်၍ မရကြောင်း၊ နာဂစ်ဒုက္ခသည်များက မြေကွက်များတွင် အမှန်တကယ် နေထိုင်ရန် မဟုတ်ပဲ ရောင်းစားလို၍ဖြစ်ကြောင်း၊ ၎င်းတို့ကိုငါးမိုင်ရှိတောတွင်း၌သာ နေရာချထားပေးမည်ဖြစ်ပြီး ပြောင်းရွှေ့လိုက ပြောင်းရွှေ့နိုင်သော်လည်း အပိုင်ပေးခြင်းမဟုတ်၊ ရောင်းစားခွင့်မရှိ၊ ပြောင်းရွှေ့လိုသောဆန္ဒရှိလျှင် မြေကွက်ရိုက်ပေး၍ တစ်ဦးချင်းကို မြေနေရာ ချပေးမည်ဖြစ်၍ တိုင်းအစိုးရ၏ လမ်းညွှန်ချက်အတိုင်း လုပ်ရခြင်းဖြစ်သည်ဟု လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူးက ရှင်းလင်း ပြောဆိုသည်။

၂၀၀၈ခုနှစ်နာဂစ်ကယ်ဆယ်ရေး စခန်းများစ ခန်းသိမ်းစဉ်တုန်းက လပွတ္တာမြို့နယ် အတွင်းရှိရွာ(၁၃)ရွာတွင် နာဂစ်ဒုက္ခသည်များကို ပိုင်ရှင်င်ရှိမြေနေရာများတွင် ယာယီနေရာချထားပေးပြီး သုံးနှစ်အတွင်းပြန်ရွှေ့ပေးမည်ဟု ပြောခဲ့တယ် ခုကတော့လေးငါးခြောက်နှစ်ဖြစ်နေပြီ ပိုင်ရှင်တွေကလည်း သူတို့မြေကွက်တွေပြန်လိုချင်နေကြပြီ် ဒါ့ကြောင့်နေယာထိုင်ခင်း အဆင်ပြေဖို့အတွက် သုံးမိုင်မြို့သစ်တည်၍ မြေကွက်ဖော်ချိန်တွင် လျှောက်လွှာတင်ရန် သက်ဆိုင်ရာအာဏာပိုင်များမှ ညွန်ကြားလာသဖြင့် ၂၃.၆.၂၀၁၃ရက်နေ့ကတည်းက လျှောက်လွှာ ကြိုတင်ထားပါတယ် ဒါပေမဲ့ ခုထိမြေနေယာ မရသေးဘူး မြို့နှင့်နီးနီးနားနား နေရာတွင် စီစဉ်ပေးနိုင်အောင်လည်း ၀န်းကြီးချုပ်ကို ( ၃.၃.၂၀၁၄ )ရက်နေ့က တင်ပြထားပါတယ်”ဟု နာဂစ်ဒုက္ခသည်ဖြစ်သူ ဦးလှိုင်မြင့်က ပြောသည်။

လပွတ္တာမြို့နယ်ရှိနာဂစ်ဒုက္ခသည်များအား အာဏာပိုင်များက ကြာကန်၊ မြွေဟောက်၊ ကဿပေါင်း၊ မောင်းတီး၊ ပိန္နဲတောင်၊ မင်းကုန်းစသည့် ရွာများအပါအ၀င် ရွာ(၁၃)ရွာရှိ ပိုင်ရှိမြေများတွင် ယာယီနေရာများ သတ်မှတ်ပေးထားပြီး NRCက ဆောက်လုပ် လှူဒန်းပေးထားသည့် နေအိမ်များတွင် နေထိုင်နေရသော်လည်း ယိုယွင်းပျက်စီးနေပြီဖြစ်ပြီး အကူညီထောက်ပံမှုများ လိုအပ်နေလျှက်ရှိပြီး လူတစ်ချို့၏ တစ်ဆင့်နိမ့်သဘောမျိုးဖြင့် ပြောဆိုဆက်ဆံနေရခြင်းများကို ကြုံတွေ့ခံစားနေရကြောင်း လပွတ္တာ နာဂစ်ဒုက္ခသည်များက ဆိုသည်။

မျိုးမင်းပိုင်(ပုသိမ်)
The Myanma Age