ချစ်တာအပြစ်မရှိပါ သို့သော်

ပို့စ်တင်ချိန် - 3/05/2014 06:01:00 PM

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရေးသားသူ- သီဟ

အမျိုးသားနှစ်ဦး ရွှေလက်တွဲမင်္ဂလာပွဲကျင်းပသည့် ဓာတ်ပုံများကို ပြည်တွင်းလူမှုကွန်ရက်စာမျက်နှာများမှာသာမက တရားဝင်ထုတ်ဝေဖြန့်ချိနေသည့် ပုဂ္ဂလိကသတင်းစာအချို့တွင်လည်း အကျယ်တ၀င့်ဖော်ပြခဲ့ကြသည်။

မင်္ဂလာဧည့်ခံပွဲတွင် အမျိုးသားနှစ်ဦးစလုံးက မင်္ဂလာသတို့သားဝတ်စုံပြည့်နှင့် ကြွရောက်လာကြသူများကို ဧည့်ခံနေသည့် ဓာတ်ပုံများကို တွေ့မြင်ရသည်။ သူတို့နှစ်ဦးစလုံးက လိင်တူချစ်သူများဖြစ်ပြီး နှစ်ဦးသားနားလည်မှုရှိရှိနှင့် အတူနေထိုင်လာခဲ့ကြသည်မှာ ဆယ်နှစ်ပင်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် လိင်တူချစ်သူစုံတွဲများစွာ ရှိလာပြီဖြစ်သော်လည်း သူတို့နှစ်ဦးကဲ့သို့ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေအရဆိုလျှင် သူတို့နှစ်ဦးမှာ ထောင်ဒဏ်ဆယ်နှစ်မှ တစ်သက်တစ်ကျွန်းအထိ ကျခံနိုင်သည့် ဥပဒေပုဒ်မ ၃၇၇ နှင့် ငြိစွန်းနေသည်ဟု ဥပဒေပညာရှင်များက သုံးသပ်ပြောကြားသည်။

ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအတော်များများတွင် လိင်တူချစ်သူချင်း လက်ထပ်ခွင့်ရရှိရေး တောင်းဆိုမှုများ ဟိုမှာသည်မှာ ထွက်ပေါ်လျက်ရှိနေသည်။ မြန်မာနိုင်ငံသည်လည်း လိင်တူချစ်သူချင်း လက်ထပ်ထိမ်းမြားခြင်းကို ခွင့်ပြုသည့် နိုင်ငံတစ်ခုမဟုတ်သည့်အပြင် လိင်တူချစ်သူများ၏ ချစ်တင်းနှောမှုများကိုလည်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မတစ်ခုဖြင့် တားဆီးထားသည်။ ထို့အတူ မြန်မာ့လူမှုအဖွဲ့အစည်းကလည်း ယဉ်ကျေးမှုစံများဖြင့် စည်းသားထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေပြောင်းလဲလာပြီး လွတ်လပ်မှုအနည်းငယ်ရလာချိန်တွင် အသံကျယ်ကျယ်ဖြင့် တောင်းဆိုလာကြသည့် အကြောင်းအရာများထဲတွင် လိင်တူချစ်သူများ၏ အခွင့်အရေးသည်လည်း တစ်ခုအပါအ၀င်ဖြစ်လာသည်။

အရပ်သားအစိုးရ ပြောင်းလဲပြီးနောက် ယခင်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့ဖူးခြင်းမရှိသည့် နိုင်ငံတကာလိင်တူချစ်သူ မုန်းတီးသူများ ဆန့်ကျင်ရေးနေ့ အခမ်းအနားကိုပင် နှစ်ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီးဖြစ်သည်။ လိင်တူချစ်သူ အခွင့်အရေးတောင်းဆိုသူများသည် သူတို့သည်လည်း လူများပင်ဖြစ်သဖြင့် လူ့အခွင့်အရေးရှုထောင့်မှ တောင်းဆိုကြသည်။

သို့သော် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် မူမမှန်သည့် လိင်ဆက်ဆံခြင်းကို ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ ဖြင့် အရေးယူလျက်ရှိရာ လိင်တူချစ်သူများအချင်းချင်း ချစ်ကြသည်က ပြဿနာမရှိသော်လည်း ထို့ထက်လွန်ကဲလာပါက ပုဒ်မ ၃၇၇ က ခြိမ်းခြောက်နေဆဲပင်ဖြစ်သည်။

ပုဒ်မ ၃၇၇ သည် ယောက်ျား၊ မိန်းမ (သို့မဟုတ်) တိရစ္ဆာန်၊ ကျင်ကြီးစွန့်ရာလမ်းကြောင်း၊ ပါးစပ် စသည်ဖြင့် ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံခြင်းများကို တားမြစ်ထားသော ဥပဒေဖြစ်ကြောင်း ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

‘‘LGBT (မိန်းမချင်း လိင်တူချစ်သူ၊ ယောက်ျားချင်းလိင်တူချစ်သူ၊ လိင်နှစ်မျိုးလုံးချစ်သူ၊ လိင်ပြောင်းထားသူ)တွေက ၃၇၇ ဖျက်ဖို့ တောင်းဆိုနေတယ်။ ၃၇၇ ပြဋ္ဌာန်းရခြင်းက လူမှန်ရင် ကိုယ်ကျင့်တရားထိန်းသိမ်းဖို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ်ကျင့်တရားထိန်းဖို့ တာဝန်ရှိတယ်။ ဆန္ဒကို သိက္ခာနဲ့ထိန်းရမယ်’’ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

ပုဒ်မ ၃၇၇ သည် အသက် (၁၂)နှစ်အောက် ကျူးလွန်ခံရသူ ကလေးငယ်များမှအပ ပြစ်မှုကျူးလွန်သူရော၊ ကျူးလွန်ခံရသူကိုပါ တရားဥပဒေအရ အပြစ်ပေးနိုင်ပြီး ပြစ်မှုနှင့် ပြစ်ဒဏ်များမှာ ထောင်ဒဏ်ဆယ်နှစ်မှ တစ်သက်တစ်ကျွန်းအထိ ကျခံနိုင်သောပုဒ်မဖြစ်သည်။

သို့သော် ပုဒ်မ ၃၇၇ သည် ကျယ်ပြန့်လွန်းသည့် ပုဒ်မဖြစ်သည့်အတွက် အနည်းငယ်တိကျမှုရှိစေရန် တောင်းဆိုနေခြင်းသာဖြစ်ပြီး ပုဒ်မတစ်ခုလုံးဖျက်ပစ်ရန် တောင်းဆိုနေခြင်းမဟုတ်ကြောင်း Equality Myanmar အမှုဆောင်ဒါရိုက်တာ ကိုအောင်မျိုးမင်းကပြောသည်။

‘‘အရွယ်ရောက်ပြီးတဲ့ ယောက်ျား၊ မိန်းမ အတူနေတာ မထူးဆန်းဘူးဆိုရင် ဒါမျိုးကို ပိတ်ပင်တာမကောင်းဘူး။ ဥပဒေဆိုပေမယ့် လူ့အခွင့်အရေးရှုထောင့်က လက်မခံနိုင်ဘူး’’ဟု ကိုအောင်မျိုးမင်းကပြောသည်။

မြန်မာနိုင်ငံတွင် လိင်တူချစ်သူများ အတူနေထိုင်သည့် စုံတွဲစာရင်းအတိအကျမရှိသော်လည်း ပတ်ဝန်းကျင်တွင် အရမ်းခင်မင်ကြသည့် သူငယ်ချင်းများအတူနေသည့်ဟန်ပန်ဖြင့် နေထိုင်ကြသည့် လိင်တူချစ်သူစုံတွဲများစွာရှိကြောင်း သိရသည်။

လိင်တူချစ်သူများတွင် မိန်းကလေးချင်း လိင်တူချစ်သူဖြစ်ပါက တစ်ဦးမှာ အမျိုးသားပုံစံဖြင့် နေထိုင်သဖြင့် သိသာသော်လည်း အမျိုးသားချင်း လိင်တူချစ်သူစုံတွဲများတွင် အချို့မှာ နှစ်ဦးစလုံးပင် အမျိုးသားကဲ့သို့ ၀တ်စားဆင်ယင်နေထိုင်ကြသဖြင့် သိသာမှုမရှိကြောင်း လိင်တူချစ်သူများက ပြောသည်။

သို့သော် ဥပဒေသမားများ၏ အမြင်တွင်မူ လိင်တူချစ်သူများ အတူနေထိုင်ခြင်းသည် တည်ဆဲဥပဒေကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

‘‘လိင်တူအမျိုးသားနှစ်ဦး လက်ထပ်တယ်ဆိုတာ မြန်မာမှာ ဥပဒေမရှိဘူး။ လိင်တူချင်းလက်ထပ်ထိမ်းမြားတာကို အသိအမှတ်မပြုဘူး။ ဥပဒေဆိုတာ ပြဋ္ဌာန်းထားရင် ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လိုက်နာရဖို့တာဝန်ရှိတယ်’’ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

လိင်တူချစ်သူများ အထူးသဖြင့် အမျိုးသားချင်း လိင်တူချစ်သူများသည် ယခင်က အများမြင်ခဲ့သလို နုရွသဖြင့် မိန်းမစိတ်ပေါက်နေခြင်းမဟုတ်ဘဲ ဟော်မုန်းဓာတ်ကြောင့်သာဖြစ်ပြီး ပြန်လည်ပြုပြင်၍မရကြောင်း အမေရိကန်နိုင်ငံတွင်နေထိုင်သည့် အသက်(၃၀)ကျော် အမျိုးသမီးတစ်ဦးကပြောသည်။

‘‘လိင်တူဆိုတာ ငယ်ငယ်တုန်းက အစ်မနားလည်သလို မိန်းမစိတ်ပေါက်တာမဟုတ်ဘူး။ ဟော်မုန်းကြောင့်ဖြစ်တာ ဥပမာ မြန်မာကားတွေမှာ ပြောနေသလို လိင်တူစိတ်ပေါက်သူကို ပြုပြင်ပြောင်းလဲလို့မရဘူး။ သူတို့ဗီဇကျန်းမာရေးဟော်မုန်းအရ ဖြစ်လာတာ’’ဟု ၎င်းကပြောသည်။

လိင်တူချစ်သူများသည် ၎င်းတို့၏ ဟော်မုန်းအရ လိင်တူအချင်းချင်း အတူနေထိုင်ကြသော်လည်း ပတ်ဝန်းကျင်၊ မိဘအသိုင်းအ၀ိုင်းများ၏ ဖိအားပေးမှုများကို များစွာတွန်းလှန်၍ နေထိုင်ရကြောင်း ပြောသည်။

‘‘ရိုက်ခတ်မှုတွေ အများကြီးလာပါတယ်။ အခုလုပ်မယ့်ပွဲကလည်း မင်္ဂလာဆောင်မဟုတ်ပါဘူး။ ဆယ်နှစ်တာအတူနေလာတဲ့ အထိမ်းအမှတ်ပွဲပါ။ ဖြစ်လာမယ့်ဟာကို ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်’’ ဟု မင်္ဂလာအထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည့် ကိုတင်ကိုကိုကပြောသည်။

သို့သော် ၎င်းတို့ဆယ်နှစ်တာ အတူနေထိုင်ခဲ့သည်ဟု ၀န်ခံခြင်းသည် ဆယ်နှစ်တာ ပြစ်မှုကျူးလွန်ခဲ့သည်ဟု ၀န်ခံရာရောက်နေသည်ဟု ဥပဒေပညာရှင်များက ရှုမြင်ကြသည်။ ဟော်မုန်းကြောင့် ဖြစ်သည်ဆိုပါကလည်း လူမသိသူမသိ တိတ်တဆိတ်နေထိုင်ခြင်းက ပို၍သင့်လျော်သည်ဟု ဆိုကြသည်။

‘‘မြန်မာတွေက တလွဲဆံပင်ကောင်းနေတယ်လို့ ထင်တယ်။ အခွင့်အရေးနည်းနည်းရတာနဲ့ များများလိုချင်ကြတယ်။ တကယ်တမ်း တိုင်းပြည်မှာ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ဒီကိစ္စကို အခုလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် အော်လာတာက သိပ်တော့မဟုတ်သေးဘူးထင်တယ်’’ ဟု အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လိင်တူချစ်သူချင်း အတူနေထိုင်ဆက်ဆံခြင်းသည် ပြစ်မှုမြောက်စေသည်ဟူ၍ သတ်မှတ်ထားသော ပုဒ်မ ၃၇၇ သည် အင်္ဂလိပ်လက်ထက်ကပင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ရပ်ဖြစ်သဖြင့် ယခုနောက်ပိုင်းတွင် ခေတ်နှင့်လျော်ညီသလို ပြန်လည်ပြောင်းလဲရန် လိင်တူချစ်သူများကလိုလားကြသည်။

‘‘ပုဒ်မ ၃၇၇ က အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ပုဒ်မကြီးပဲ။ အခုဆိုရင် အင်္ဂလန်မှာတောင် လိင်တူချစ်သူတွေ ကျယ်ကျယ်ပြန့်ပြန့် နေထိုင်လက်ထပ်နေကြပြီ။ ဒီမှာက ဒီပုဒ်မကြီးကို မစွန့်နိုင်သေးတာ အင်္ဂလိပ်အမွေကို ဖက်ထားသလို ဖြစ်နေတယ်’’ဟု ကိုအောင်မျိုးမင်းကပြောသည်။

တောင်သူလယ်သမားနေ့က ပြုလုပ်ခဲ့သည့် ကိုတင်ကိုကိုတို့၏ မင်္ဂလာပွဲဆန်ဆန်ဧည့်ခံပွဲသည် လိင်တူချစ်သူအခွင့်အရေး လှုပ်ရှားသူများအတွက် ရှေ့ဆောင်လမ်းပြသဖွယ်ဖြစ်သဖြင့် လိင်တူချစ်သူအရေး လှုပ်ရှားသူများက အားရကျေနပ်ကြသည်ဟုဆိုသည်။

သို့သော်လည်း ယခုကဲ့သို့ အခမ်းအနားများကျင်းပကာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လိင်တူကိစ္စကို ထင်ထင်ရှားရှားဖြစ်အောင် လှုပ်ရှားမှုများ ဆောင်ရွက်နေခြင်းအပေါ် စိုးရိမ်မကင်းဝေဖန်မှုများလည်း ရှိနေသည်။

‘‘ဒီလိုဧည့်ခံပွဲကြီးလုပ်တာရဲ့နောက်ကွယ်မှာ အကျိုးစီးပွားတွေရှိနေတယ်ဆိုတာ သိသာတယ်။ ကိုယ့်အကျိုးစီးပွားတစ်ခုအတွက် နိုင်ငံကို မဟုတ်မဟတ်တွေယူမလာနဲ့။ လူ့အခွင့်အရေးယောင်ယောင်၊ ဘာယောင်ယောင်မလုပ်နဲ့’’ ဟု အသက်(၄၀)အရွယ်အမျိုးသားတစ်ဦးက ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားသည်။

လိင်တူချစ်သူအရေး တက်ကြွသူများ အရင်ဆုံးရင်ဆိုင်ရမည်မှာ မြန်မာ့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးနှင့်ဖြစ်သည်။

ထို့အတူ နိုင်ငံတစ်နိုင်ငံတွင် နေထိုင်သည့် နိုင်ငံသားတစ်ဦးသည် ထိုနိုင်ငံမှ ပြဋ္ဌာန်းထားသည့် စည်းမျဉ်းဥပဒေများကို လိုက်နာရမည့် နိုင်ငံသားကောင်းတာဝန်ရှိသည့်အတွက် လက်ရှိအချိန်တွင် လိင်တူချစ်သူလက်ထပ်ခြင်းဥပဒေလည်း ပြဋ္ဌာန်းထားခြင်းမရှိသေးသည့်အပြင် ပုဒ်မ ၃၇၇ သည်လည်း လက်ရှိ အသက်ဝင်နေဆဲဖြစ်သည့်အတွက် ချစ်သည်ကို အပြစ်မဆိုသာသော်လည်း.....

7Day News Journal