ထမင်းအိုးခွဲသူများ

ပို့စ်တင်ချိန် - 3/22/2014 05:20:00 PM


Written by  ဇေယျသူ
Print Email
ခေတ်စနစ်ပြောင်းလာချိန်တွင် လုပ်ထုံးလုပ်နည်းများ ပြောင်းလာသလို ပြိုင်ဘက် အသစ်များလည်း ပေါ်လာသည်။ ယခင် ရပေါက်ရလမ်းများဖြင့် ရှာဖွေနိုင်ခြင်း မရှိတော့သဖြင့် ထမင်းအိုးကွဲသူတို့ ကွဲကုန်ကြပြီ။

ထမင်းအိုးကွဲလျှင် ဘာလုပ်ကြမလဲ။ ရွေးစရာ နည်းလမ်းမရှိ၊ ထမင်းအိုး အသစ်တည်ရန်သာ ဖြစ်သည်။ စင်စစ် ထမင်းအိုးဟောင်းများ ကွဲခြင်း ကိုယ်တိုင်က ထမင်းအိုးသစ် တည်ခွင့်ကို ဖန်တီးပေးသည်။ အဓိကမှာ ထမင်းအိုးသည် ခေတ်အပြောင်းတွင် ကွဲတတ်သည်ကို သတိပြုရန် ဖြစ်သည်။

အပြောင်းအလဲ စပ်ကူးမပ်ကူးကာလ၊ ခေတ်ပျက် ခေတ်ပြောင်းတို့တွင် မသေချာ မရေရာခြင်းတို့ များပြားသည်။ အမြဲ တည်ရှိမည်ဟု ထင်ရသော အရာများ မျက်စိ ရှေ့မှောက်တွင်ပင် ပျက်စီး ပြိုလဲသွားကြသည်။ အပြောင်းအလဲကာလ ဆိုသည်မှာ အဟောင်း အဟောင်းတို့ ပြီးဆုံးသွားခြင်း ဖြစ်သည်။ အပြောင်းအလဲ ကာလသည် အသစ်အသစ်တို့ မွေးဖွား ပေါ်ပေါက်ခြင်းလည်း ဖြစ်သည်။ အခြေအနေဟောင်းများ၊ နယ်ပယ်ဟောင်းများ ပျောက်ဆုံးသွားသောကြောင့် အခွင့်အလမ်းဟောင်းတို့ ပျက်ပြယ်သွားပြီး အခြေအနေသစ်များ၊ နယ်ပယ်သစ်များ ပေါ်ပေါက်လာသည့် အတွက် အခွင့်အလမ်းသစ်တို့ ပေါ်ပေါက်လာမည် ဖြစ်သည်။

Survival of the fittest

“ကမ္ဘာ့သက်တမ်း တစ်လျှောက်တွင် ရှင်သန် ကျန်ရစ်ခဲ့သည်မှာ အသန်မာဆုံး အတောင့်တင်းဆုံး သတ္တဝါများ မဟုတ်၊ ဉာဏ်အထက်မြက်ဆုံး များလည်း မဟုတ်၊ အပြောင်းအလဲကို တုံ့ပြန်မှု အကောင်းဆုံး သတ္တဝါများသာ ရှင်သန် ကျန်ရစ်ခဲ့သည်” ဟု နာမည်ကျော် ချားလ်စ်ဒါဝင်က ပြောကြားခဲ့ဖူးသည်။

သတ္တဝါတို့၏ ဆင့်ကဲပြောင်းလဲခြင်း သဘောတရားကို ထုတ်ဖော်ပြီး ကမ္ဘာကို တုန်ဟည်းစေခဲ့သည့် ချားလ်စ်ဒါဝင်၏ အခြေခံ သီအိုရီသည် Survival of the fittest ဖြစ်သည်။ Survival of the fittest ကို နောက်ပိုင်းတွင် အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြသော်လည်း အဓိက သဘောတရားမှာ “အပြောင်းအလဲနှင့် လိုက်လျောညီထွေ နေတတ်ခြင်း” “Adapt to change” ဖြစ်သည်။ မိမိနေထိုင် ကျင်လည်သော ပတ်ဝန်းကျင် အပြောင်းအလဲအတိုင်း အလိုက်သင့် အလျားသင့် မပြောင်းလဲ နိုင်လျှင် ပျက်စီးဆုံးရှုံးရမည်။

အမေရိကန်ပြည်ထောင်စုသည် မကြာမီ ကျဆင်း ပျက်စီးတော့မည်ဟု နိမိတ် မကြာခဏ အဖတ်ခံခဲ့ရသော်လည်း စီးပွားရေး၊ ပညာရေး၊ နည်းပညာ အသီးသီးတို့တွင် အင်အားကြီး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ခြင်းမှာ ယင်း၏ မိမိကိုယ်ကိုယ် ပြန်လည်တီထွင် ဖန်တီးနိုင်စွမ်း (United States reinvents itself) ကြောင့် ဂုရုများက သုံးသပ်ကြသည်။ ကမ္ဘာ့အခြေအနေများ ပြောင်းလဲလာလျှင် အမေရိကန် ပြည်ထောင်စုသည် ထိုအခြေအနေတို့နှင့် လိုက်ပါ ပြောင်းလဲနိုင်သောကြောင့် ဆက်လက်ကာ ထိပ်တန်းမှ ရပ်တည်နေခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်တွင် စစ်နိုင် မဟာအင်အားကြီး နိုင်ငံအဖြစ် ပေါ်ထွက်လာကတည်းက အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင် ဦးဆောင်နေရာတွင် အမြဲရှိနေခဲ့သည်။

ကွန်ပျူတာများ ပေါ်လာသောအခါ လက်နှိပ်စက်များ ဘုံပျောက်သကဲ့သို့ မြစ်ကူး တံတားတစ်စင်း တည်ဆောက်သော အခါတွင် ထိုမြစ်ကို လှေဖြင့် ကူးတို့ ပို့နေသော လှေသမားများ အလုပ်အကိုင် ပျောက်ဆုံးမည်။ သို့သော် ကွန်ပျူတာများကြောင့် အလုပ်အကိုင်သစ်များ ပေါ်ပေါက်လာသလို မြစ်ကူးတံတားကြောင့် တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်း ကုန်ကူးသန်း ရောင်းဝယ်မှု တိုးတက်လာကာ မြစ်တစ်ဖက် တစ်ချက်ရှိ လူ့အဖွဲ့အစည်း အားလုံး အကျိုးကျေးဇူး ဖြစ်ထွန်းမည်။

မိမိ ကျင်လည်နေသည့် နယ်ပယ် ထမင်းအိုးများ အက်သံ ပေးလာလျှင် ထမင်းအိုး ပြောင်းတည်လျှင်တည်၊ သို့မဟုတ် လက်ရှိ ထမင်းအိုးကို ပိုကောင်းအောင် တည်ရန် ဖြစ်သည်။

ဥပမာ- မြို့ကြီးများရှိ ပန်းခြံများ၊ စေတီများတွင် ယခင်က ဓာတ်ပုံ ဆရာများစွာ ရှိခဲ့သော်လည်း ယခုအချိန်တွင် ဖုန်းဖြင့်သာ ဓာတ်ပုံရိုက်ကြသည့် အတွက် ဓာတ်ပုံ ဆရာများ ထမင်းအိုး ကွဲကြသည်။ လက်ကိုင်ဖုန်းများ ဈေးပေါလာသော အခါ လမ်ဘေး ဖုန်းဆိုင်များ ဝင်ငွေ ကျကုန်ကြသည်။ ကားသစ်များ ဝင်လာသည့်အခါ ပန်းပဲဖိုသာသာ ကားဝပ်ရှော့တို့ ကားအလာ ကျဲသွားကြသည်။ ထိုဓာတ်ပုံဆရာများ၊ လမ်းဘေး ဖုန်းဆိုင်များ၊ ကားဝပ်ရှော့များ အနေနှင့် ထမင်းအိုး အသစ် တည်နိုင်မှသာ ထမင်းအိုး မကွဲမည် ဖြစ်သည်။ ထိုဥပမာများသည် အလွယ်တကူ မြင်သာသော ဥပမာများသာ ဖြစ်ပြီး နယ်ပယ်အလိုက် ကာယကံရှင်များ ကိုယ်တိုင်ေ လ့လာဆန်းစစ်ကြည့်လျှင် မည်သည်တို့ ပျောက်မည်၊ မည်သူတို့ ထွန်းမည်ကို တွက်ဆနိုင်ကြမည်။

တံခါးဖွင့်လိုက်သောကြောင့် ဝင်ရောက်လာသော ဝင်ရောက်လာမည့် အပြောင်းအလဲများသည် ထမင်းအိုး ခွဲနိုင်သလို ထမင်းအိုးလည်း တည်ပေးနိုင်စွမ်း မြင့်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ ကမ္ဘာလှည့် ခရီးသည်များကြောင့် ပေါ်ပေါက်လာသော ထမင်းအိုးများကို မြင်ရသလို မပြိုင်နိုင် မဆိုင်နိုင်သောကြောင့် နိဂုံးချုပ်ရမည့် လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များကိုလည်း မှန်းဆနိုင်သည်။ ယခင်က တော်သူထက်သူ ရှားသဖြင့် “အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူ” နိုင်ခဲ့သူများသည် ယခုအခါ ရုန်းကန်ရတော့မည်။ မီးခဲပြာဖုံး ဖြစ်ခဲ့သော အမှန်တကယ် ထူးချွန်သူများမှာမူ ကမ္ဘာသို့တိုင် ပျံ့နှံ့ကျော်ကြားရန် အခွင့်အရေးများ ပေါ်ပေါက်လာပြီ။ ယခင် ပန်းပန်သူများလည်း အချိန်မီ ကိုယ့်ကိုယ်ကိုယ် ပြန်လည် တီထွင်လိုက်နိုင်လျှင် ဆက်လက် ပန်းပန်နေနိုင်သည်။

“မပြောင်းလဲသည့် တစ်ခုတည်းသော အရာမှာ အပြောင်းအလဲသာ ဖြစ်သည်” “Only thing that does not change is change itself” ။ အပြောင်းအလဲနှင့်အတူ လိုက်ပါ စီးဆင်းနိုင်ရန်သာ လိုအပ်သည်။

The Voice