အရက်မဟုတ်သော အရက်

ပို့စ်တင်ချိန် - 3/14/2014 08:39:00 AM


ပြောပြန်ရင်လည်း အရက်ဋီကာချဲ့တယ် ဖြစ်ဦးမယ်။ ပြောမှာလည်း အရက်အကြောင်းကို။ဘာတဲ့ မြန်မာပြည်ရဲ့ အရက်အများဆုံး ထုတ်လုပ်နေပြီး ယမကာအသင်းကြီးကို ထူထောင်ထားတဲ့လူကြီးက နိုင်ငံခြား က ခြောက်ဒေါ်လာအောက်အရက်တွေ တင်သွင်းဖို့ကို ကန့်ကွက်တယ်ဆိုပဲ။ သဘောကတော့ မြန်မာ ပြည်က အရက်သမားတွေ သူထုတ်တဲ့အရက်ကိုပဲ သောက်ဆိုတဲ့ သဘော ပေါ့လေ။

သောက်ပါတယ်။ သောက်ကြပါတယ်။

ဟိုးအရင် စစ်အစိုးရခေတ် တစ်လျှောက်လုံးနဲ့ အခုခေတ်အထိ အဲဒီ ၀ီစကီလို့ နာမည်တပ်ထားတဲ့ အရက် ကို အရက်သမားတိုင်းလိုလို သောက်ခဲ့ကြတာပဲ။

ဒီလိုသောက်တော့ ဘာဖြစ်လဲ။
သောက်တဲ့လူသေ။
ရောင်းတဲ့လူ သူဌေးဖြစ်။

သူဌေးဖြစ်လို့တောင် အားကစားပွဲတွေ ဘာတွေ စပွန်ဆာပေးနေသေးတယ်။ သိန်း ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့လေ။

မြန်မာပြည်မှာ အရက်သမားက အတန်းအစား နှစ်ခုပဲ ရှိတယ်။ အနီသမားနဲ့ အဖြူသမား။ အနီသမားက ၀ီစကီနဲ့ရမ်ကို သောက်ကြတယ်။ အဖြူသမားကတော့ ချက်အရက်ပေါ့လေ။

တကယ်တော့ နှစ်ခုစလုံး ချက်ပုံက ဘာမှ ထူးလှတယ် မဟုတ်ပါဘူး။ ဓာတုပစ္စည်းတွေ ရောစပ်ပြီး အရောင်တွေထည့်။ အနံ့တွေ ထည့်လိုက်ရင် ၀ီစကီလိုချင်လား၊ ရမ်လိုချင်လား အကုန်ရတာ မဟုတ်လား။
အရည်အသွေးမီတဲ့ အရက်အမည်ခံတွေကို သောက်တော့ ဘာဖြစ်လဲ။ မူးတာပေါ့။ မဟား ဒယားမူးတဲ့ အခါမူး။ မမူးတဲ့အခါ မမူးနဲ့။ အရက်သမားတွေ အစကတော့ သွေးအားပဲ မကောင်းလို့လား၊ အားပဲနည်း လို့လား။ အရင်က ငါဒီလောက် မမူးပါဘူး။ အရင်က ငါလစ်မစ် ဒီလောက် မဟုတ်ပါဘူး။ စသည် စသည် ဖြင့် …

အယ်လ်ကိုဟောပမာဏ မတည်ငြိမ်တဲ့ အရက်တွေကို ဝေခွဲမရစွာ သောက်သုံးခဲ့ ကြတာပေါ့လေ။ ဒါတွေ ကိုသိလို့ သမ္မတကြီးကတောင် အရက်အစား နွားနို့သောက်ဖို့ တိုက်တွန်းတာ။ ဒါကိုပဲ လူတွေက လှောင် သလိုလို ပြောင်သလိုလိုနဲ့။

နောက်ပြီး အရက်သောက်တဲ့ ၀န်ကြီးတစ်ပါးကိုယ်တိုင်က မြန်မာပြည်သူတွေ အရက်တုတွေ သောက်နေ လို့ အသေစော နေတာကိုဆိုပြီး ပေါ်တင်ပြောခဲ့တာပဲ။ အခုဆို သူကိုယ်တိုင်တောင် နိုင်ငံခြားအရက် မျိုးစုံ တင်သွင်းဖို့အတွက် ညှိနှိုင်းဆွေးနွေး နေတယ်။

အခုလို နိုင်ငံခြားအရက်တွေ ပြည်တွင်းကိုဝင်လာရင် ပြည်တွင်းက အရည်အသွေး မမှီတဲ့အရက်တွေကို ပြည်သူတွေက ဘယ်သောက်နေတော့မလဲ။ ဒါကြောင့်လည်း ဈေးကွက်ကို ချုပ်ကိုင်ထားချင်တဲ့ ယမကာလုပ်ငန်းရှင်တွေက ပြည်ပအရက်တွေ ၀င်လာမှာကို အသည်းအသန် ကွက်ကန့်နေတာ ထင်ပ။

ပြောလိုက်ရင် တိုင်းရင်းသား စီးပွားလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို ထိခိုက်မယ်လေးဘာလေးနဲ့။ ကိုယ့်ဘာသာကိုယ်တော့ အရည်အသွေးကောင်းအောင် မထုတ်ဘဲ ပြည်သူတွေကို သတ်။သူတို့ စီးပွားထိခိုက် မှာတော့ ကြောက်ပ။ အရက်သမား စစ်တမ်းတစ်ခု တိတိကျကျမရှိလို့ရယ်သာ။ ရှိရင်တော့ ဘာအရက် သောက်တဲ့လူက ဘယ်လို သေတယ်ဆိုတာ အများကြီး ထွက်လာမှာပဲ။

စစ်တမ်းကို အားမကိုးဘဲ အရပ်စကားကို အားကိုးပြီး ပြောရမယ်ဆိုရင်တော့ ဒီ ဘက်ခေတ်မှာ အသက် ရှည်တဲ့ အရက်သမား လုံးဝမရှိဘူး ဆိုတာပါပဲ။ ခပ်ဝေးဝေး မကြည့်နဲ့ ရပ်ကွက်ထဲက ပြည်တွင်းဖြစ် သောက်တဲ့ အရက်သမားတွေကိုပဲ ကြည့်လိုက်။ ညနေတိုင်း သောက်တဲ့လူပေါ့လေ။ အသက်လေးဆယ် ကျော်တဲ့လူ ခပ်ရှားရှားရယ်။

အရက်ဆိုင်ထဲကို ၀င်လိုက်ရင် အသောက်သင်နေတဲ့ ကလေးအရက်သမားရယ်။ အသက်သုံးဆယ် ပတ်ဝန်းကျင် အရက်သမားရယ်ကိုပဲ တွေ့ရမယ်။ လေးဆယ်ကျော်၊ ငါးဆယ်ရှိတဲ့ အရက်သမားက ရှားနေပြီ။ ဘယ်ရောက်ကုန်လဲ မမေးနဲ့။ သေကုန်တာလေ။ ဒီ လောက်သေတဲ့ အရက် ဘာဖြစ်လို့ သောက်လဲ။သေ မယ်မှန်း ဘယ်သိမလဲဗျ။ ဘယ်သူ ကမှတော့ အဆိပ်ကို သောက်မနေဘူး။

ဒါပေမဲ့လည်း ပြည်တွင်းဖြစ် အရက်တွေအကုန်လုံးက အဆိပ်တွေ ဖြစ်နေပြီ။ ကိုယ့်ရှေ့မှာ သောက်ခဲ့တဲ့ အရက်သမားတွေ ရှိတယ်။ ကိုယ့်အဘိုးအဘေးတွေခေတ်က ဖဆပလခေတ် အရက်သမားပေါ့။ နိုင်ငံခြား အရက်မျိုးစုံ လွတ်လွတ်လပ်လပ် သောက်လို့ရတယ်။ လမ်းလျှောက်နေတဲ့ ဂျော်နီက ဈေးမပေါပေမယ့် အလုပ်အကိုင် ရှိတဲ့လူတိုင်း သောက်နိုင်အောင် ၀င်ငွေ ကောင်းခဲ့တာပဲ။

နောက်ပြီးတော့ ဆိုရှယ်လစ်ခေတ် အရက်သမားတွေ ပေါ့လေ။ အရက်ကို ခွဲတမ်းနဲ့ ရောင်းတယ်ဆိုပေမယ့် အရည်အသွေးမှာ စိတ်ချရတယ်။ ဆိုရှယ်လစ်ခေတ် အရက်သမားတွေထဲမှာ အရက်ကြောင့် သေတဲ့ လူခပ်ရှားရှားရယ်။

ကိုယ့်အဘိုး၊ ကိုယ့်ဘကြီး ပြန်ကြည့်လိုက်ရင်လည်း အရက်သောက်ပေမယ့် သက်တမ်းစေ့နေသွားတဲ့ လူတွေချည်းပဲ။ ကိုယ့်ဦးလေးတွေကတော့ ၈၈ နောက်ပိုင်းမှာ သောက်လာလိုက်တာ။ ပြည်တွင်းဖြစ် ၀ီစကီသမား ဦးလေးလည်း သောက်တဲ့ သက်တမ်း ၁၅ နှစ်နဲ့သေတာပဲ။ ဂျန်းအဖြူသောက်တဲ့ ဦးလေး လည်း သေတာပဲ။

မြန်မာပြည်ဆိုတာက ဗုဒ္ဓဘာသာ တိုင်းပြည်ဆိုတော့ လူသိရှင်ကြား အရက်သမားတွေ အများကြီးရယ်။ စာရေးဆရာတွေထဲမှာဆိုရင်လည်း အရက်သမား ခပ်များများရယ်။ စစ်အစိုးရခေတ်မတိုင်မီက အရက် သမားတွေဆိုရင် သက်တမ်းစေ့နေသွားရတဲ့ လူတွေချည်းပဲ။

စစ်အစိုးရခေတ် အရက်သမားတွေကျတော့ သက်တမ်းစေ့ဖို့နေနေသာ ငါးဆယ်ကျော်တဲ့လူကို မရှိတော့ ဘူး။ အရက်တွေတင် အရည်အသွေး မမီတာလား ဆိုတော့မဟုတ်။ လူနာတွေသုံးတဲ့ အရက်ပျံပါ အရည် အသွေး မမီတော့တာ။ အရင်ခေတ်က အရက်ပျံတွေဆိုရင် အနာကို စွပ်လိုက်တာနဲ့ ထွန့်ထွန့်လူးအောင် စပ်တာ။ ဒီဘက်ခေတ် အရက်ပျံတွေကတော အနာကိုလည်း မစပ်တော့ဘူး။

ပြီးတော့ အရင်ခေတ်က အရက်ပျံဆိုရင် မီးရှို့ကြည့်လိုက်။ ဟုတ် …ကနဲ့ ထတောက်တာ။ အရက်ပျံ လုံးဝ ကုန်မှ မီးငြိမ်းတယ်။ မနေ့က အစိုးရထုတ် အရက်ပျံလေး မီးရှို့ကြည့်တာ မီးတောင် မလောင်တော့ဘူး။ အနာကိုလောင်းတော့လည်း မစပ်နဲ့။ ခေတ်ကြီးကိုက အဲ့လို ဖြစ်နေတာ။

အရက်သမားဆိုတာကလည်း အလုပ် လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေချည်းပဲလေ။ ဆိုရှယ်လစ်ခေတ် စကားနဲ့ ပြောရရင် အဲဒီလို လူတွေသေကုန်တော့ တိုင်းပြည်ကုန်ထုတ်လုပ်ရေးကိုလည်း ထိခိုက်တာပေါ့ လေ။

ဒီဘက်ခေတ်အစိုးရကတော့ အဲ့လူတွေ သေကုန်လည်း အေးတာပဲ တွေးသလား တော့မသိ။ ဟိုးအရင် က အင်္ဂလိပ်အစိုးရက တရုတ်ပြည်ကလူတွေကို ဘိန်းစွဲအောင်လုပ်ပြီးတော့မှ ၀င်သိမ်းတာ။ ဒီဘက်ခေတ် မှာလည်း အစိုးရက သူတို့ပြည်သူတွေ မတော်လှန်နိုင်အောင် အရည်အသွေးမမှီတဲ့ အရက်တွေများ တိုက် သလား မသိပါဘူး။ အမှန်တကယ်ဆိုရင် အရက်စက်ရုံတွေကို သေချာလိုက်စစ်၊ အရည်အသွေး မီလား။ မမှီရင် ဖမ်းပေါ့။

၁၉၈၀ တစ်ဝိုက် အရက်ဖြူတစ်ပုလင်းကို ၁၀ ကျပ် ပေးရတယ်။ အဲဒီတုန်းက ကောက်ကြီးဆန်တစ်ပြည်ကို တစ်ကျပ်ပဲ ရှိတယ်။ အရက်ဖြူက ဆန်ဈေးထက် ဆယ်ဆ များတယ်။ ဒီဘက်ခေတ်မှာတော့ အရက်ဖြူ တစ်လုံးကို ၃၀၀ ဆန်တစ်ပြည်ကို ၁၅၀၀။ ဆန်ဈေးက အရက်ဖြူဈေးထက် ငါးဆကြီးနေပြီ။

နာမည်ခံဝီစကီကိုလည်း ကြည့်ဦးမလား ဆန်ဈေးနဲ့ ၀ီစကီဈေးက အတူတူပဲ။ ဒီလောက် ဈေးပေါနေတဲ့ အရက်တွေ ဘယ်လုပ်ပြီး စစ်ပါတော့မလဲ။တိုင်းပြည်ကလည်း ဆေးဝါးဆိုလည်း အတုနဲ့ အရည်အသွေး မမှီတာပဲ သောက်နေရ။ အစားအစာဆိုလည်း ဓာတုပစ္စည်းတွေပါတဲ့ အစားအစာတွေချည်းပဲ။ အရက်ဆို လည်း အရည်အသွေးမမှီ။

ဟိုတနေ့က ဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ကင်ဆာဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံ ဆို လားပဲ။

အရင်တုန်းက လူတွေက ပြောကြတယ်။ အရက်ချက်တဲ့အထဲကို ရော်ဘာဖိနပ်အစုတ်တွေ ထည့်ချက် တာ။ ဖားပြုတ်တွေ ထည့်တာတဲ့။ ကိုယ်ကတော့ မယုံခဲ့ပါဘူး။ အခု နောက်ပိုင်းတော့ ယုံရမလို ဖြစ်နေ ပြီလေ။ အရက်ချက်တယ်ဆိုတာ အရင်ဆုံးကိုယ်ချက်မယ့် အရက်အမျိုးအစားပေါ် မူတည်ပြီး အချဉ်ဖောက် ရတယ်။ စိမ်ရည် တည်ရတယ်ပေါ့လေ။

ပြီးတော့မှ အချဉ်ပေါက်သွားတဲ့ စိမ်ရည် တွေကို ပေါင်းအိုးကြီးတွေနဲ့ ပေါင်းခံရည်ရအောင် လုပ်ရတာ။ ပေါင်းခံရည်ကိုမှ အရက်ရာခိုင်နှုန်း အလိုက် ပြန်စပ်ရတာ။ ဒီဘက်ခေတ်က အရက်တွေကတော့ အဲဒီလို လည်း ဟုတ်မယ်မထင်ပါဘူး။ ဓာတုပစ္စည်းတွေရောစပ်ပြီး ဈေးကွက်ထဲ ရောင်းနေတာပဲ ဖြစ်မှာပါ။ အရက် ချက်စက်ရုံထဲ ထန်းလျက်တွေလည်းမ၀င်၊ စပါးတွေလည်း မ၀င်နဲ့။ ဘယ်လိုများ စိမ်ရည်တွေဖောက်ပြီး ဘယ်လိုများ ချက်နေလဲတော့ မသိပါဘူး။

အခုတော့ ဖြစ်လေရာဘ၀ မြန်မာပြည်မှာ အရက်သမား မဖြစ်ရပါစေနဲ့လို့သာ ဆုတောင်းရမည်လားမသိ။ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ်က ဒီနိုင်ငံမှာမွေးတော့လည်း ဒီနိုင်ငံမှာပဲ အရက်သမား ဖြစ်မှာပေါ့လေ။ ဒီ တော့လည်း အရည်အသွေး မမီတာတွေ သောက်ပြီး သေရမှာပေါ့။ မသေချင်ရင်တော့ မသောက်ရုံပဲ ရှိ တော့တာပါ။


စိုပြေ
Credit: Mizima