အိမ်ရှင်များကို ဖုန်းဆက်ချိန်းဆိုပထုတ်ပြီး နေအိမ်အတွင်းရှိ ငွေကျပ်ဆယ်သိန်းခိုးယူ

ပို့စ်တင်ချိန် - 3/03/2014 06:02:00 PM




ဇော်ဇော်ထွေး

ရန်ကုန် ၊ မဇ္ဈိမ။ ။ အိမ်ရှင်များကို ဖုန်းဆက်ချိန်းဆိုပထုတ်ပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ခိုးယူမှု ဖြစ်ပွားခဲ့သဖြင့် တာမွေရဲစခန်းက မတ်လ ၂ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပုဏ္ဏားရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့် အရိုးကုန်းလမ်းထောင့် အမှတ် (၇၂၊ ၅ လွှာ)နေ ဆရာဝန်တစ်ဦးဖြစ်သည့် ဦးသိန်းဝင်းအောင် (၄၂)နှစ်က အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဉ်မှာ တရားလိုဖြစ်သူသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉နာရီခွဲခန့်က လသာမြို့နယ်သို့ အလုပ်ကိစ္စဖြင့် သွားရောက်စဉ် အမျိုးသမီတစ်ဦးက လမ်းဘေးဖုန်းဖြင့် လက်ကိုင်ဖုန်းသို့ ဆက်သွယ်လာပြီး ၄င်းလုပ်ကိုင်နေသည့် ရေမော်တာရောင်းဝယ်ရေးလုပ်ငန်းတွင် လုပ်ငန်းရှင်အစည်းအဝေးရှိသဖြင့် မွန်းလွဲ ၂ နာရီအချိန် လာရောက်ရန် ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။

ထို့အတူ ဇနီးဖြစ်သူသည်လည်း တူမဖြစ်သူ မဝင်းစန္ဒာအောင် (၂၇နှစ်)က အကြွေးဆပ်ရန်ဟုဆိုကာ လမ်းဘေးဖုန်းဖြင့် ဆက်သွယ်ပြီး ဗိုလ်မင်းရောင်လမ်းရှိ ရွှေထူးစားသောက်ဆိုင်သို့ ချိန်းဆိုလာသည့်အတွက် သွားရောက်နေသည်ဟုဆိုသည်။

တရားလိုဖြစ်သူသည် အစည်းအဝေးပြုလုပ်သည့် နေရာသို့သွားရာ အစည်းအဝေးမရှိသဖြင့် မွန်းလွဲ ၂နာရီ ၁၅ မိနစ်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှလာစဉ် နေအိမ်အတွင်းရှိ ဗီရိုသော့များ ပျက်ဆီးနေခြင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲစစ်ချက်တွက် ထွက်ဆိုထားသည်။

ဗီရိုအတွင်းမှ တစ်ထောင်ကျပ်တန်တစ်သိန်းအုပ် ၁ဝ အုပ် ပျောက်ဆုံးနေသဖြင့် ခိုးယူသူအပေါ် စုံစမ်းဖော်ထုတ်ပေးရန် အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို တာမွေရဲစခန်းက (ပ)၁၁၄/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၈ဝ ဖြင့် အရေးယူရန် ဆောင်ရွက်နေပြီးလက်ရှိတွင်လည်း သံသယရှိထားသူ မဝင်းစန္ဒာအောင်ကို ဖမ်းဆီးစစ်ဆေးနေပြီး သက်သေခံပစ္စည်းများ သိမ်းဆည်းရန် ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese