ပွဲစားဖြင့် ကျောင်းအပ်ခြင်းကို တားမြစ်ရန် မကွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ခြောက်ရာခန့် တောင်းဆို

ပို့စ်တင်ချိန် - 3/16/2014 11:32:00 AM


မကွေးတက္ကသိုလ် တက်ရောက်ရန် အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ပွဲစားများမှ တစ်ဆင့် ကျောင်းအပ်နှံ နေခြင်းကို တားမြစ်ပေးရန် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ခန့်က လက်မှတ်ထိုး တောင်းဆိုလိုက်ကြောင်း ယင်းလက်မှတ်များကို ဦးဆောင် ကောက်ယူသော ကျောင်းသားတစ်ဦး ဖြစ်သည့် ကိုသူရပြည့်စုံက သတင်း မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းစဉ် ပြောကြားသည်။
ကျောင်းသား ကျောင်းသူများ ကိုယ်တိုင် ကျောင်းအပ်နှံပါက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီး ကြားပွဲစားဖြင့် ကျောင်းအပ်နှံပါက အချိန်တိုတွင်း၌ အပ်နှံ ပြီးစီးသောကြောင့် ကျောင်းသား အများစုမှာ ပွဲစားများမှ တစ်ဆင့်သာ ကျောင်းအပ်နှံ ကြရကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။
“ပွဲစားတွေကလည်း ဒီကျောင်းမှာ ရှိတဲ့ ဝန်ထမ်းတွေ၊ ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ နီးစပ်ရာ ပုဂ္ဂိုလ်တွေပဲ ဖြစ်နေတယ်” ဟု ကိုသူရပြည့်စုံက ဆိုသည်။
ပွဲစားများနှင့် ကျောင်းအပ်နှံခြင်းကြောင့် အဓိက ပြဿနာ ကြုံတွေ့ရသည်မှာ အဝေးသင် ကျောင်းသားများ ဖြစ်ကြောင်း၊ အဝေးသင် ကျောင်းသားများမှာ ကျောင်းအပ်နှံရန် ကုန်ကျစရိတ်ကို ပွဲစားထံ ပေးပြီးနောက် စာမေးပွဲ ဖြေချိန်မှ အနီးကပ် လာသောအခါ ပွဲစားက ကျောင်းအပ်မထားသဖြင့် ကျောင်းသားစာရင်းတွင် မပါဝင်သည်ကို ကြုံတွေ့ရကြောင်း မကွေးတက္ကသိုလ်မှ သင်္ချာဘွဲ့ ယူထားသော ကျောင်းသားဟောင်း ကိုဆန်းလင်းအောင်က ပြောကြားသည်။
“တကူးတက လာတက်ရတဲ့ ကျောင်းသားတွေကျ နစ်နာတာပေါ့” ဟု ၎င်းကဆိုသည်။
ပွဲစားမှ တစ်ဆင့် ကျောင်းအပ်မည် စိုးသဖြင့် ကျောင်းအပ်လိုသော ကျောင်းသားသည် ဌာနမှူး၏ လက်မှတ်ကို ၎င်းကိုယ်တိုင် ထုတ်ယူရမည် ဆိုသော စည်းကမ်း သတ်မှတ်ထားသော်လည်း ကျောင်းသားများသည် ဌာနမှူး၏ လက်မှတ်ပါသော လျှောက်လွှာကို သွားယူပြီးနောက် ပွဲစားထံ ပေးအပ်ကာ ယခင်အတိုင်းပင် အပ်နှံနေကြောင်း၊ ကိုယ်တိုင် ကျောင်းအပ်ပါက တစ်သောင်းခန့်သာ ကုန်ကျသော်လည်း ပွဲစားမှ တစ်ဆင့် ကျောင်းအပ်ပါက တစ်သောင်း သုံးထောင်ခန့် ကုန်ကျကြောင်း ကိုသူရပြည့်စုံက ထုတ်ဖော် ပြောကြားသည်။
ပွဲစားများမှ တစ်ဆင့် ကျောင်းအပ်ခြင်းကို တားမြစ်ပေးရန် ဆိုသော အချက် အပါအဝင် တောင်းဆိုချက် ခုနစ်ချက် ပါသော စာကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၆၀၀ ခန့်၏ ထောက်ခံ လက်မှတ်များနှင့် အတူ ပူးတွဲကာ ပညာရေး ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မကွေးတက္ကသိုလ် ပါမောက္ခချုပ် တို့ထံ မတ်လ ၁၅ ရက်နေ့တွင် ပေးပို့မည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

The Voice Weekly