ရန်ကုန်မြို့ လျှပ်စစ်မီးရရှိမှုအပေါ် အနည်းငယ်စိုးရိမ်ကြောင်း ၀န်ကြီးချုပ် ပြောကြား

ပို့စ်တင်ချိန် - 3/14/2014 07:43:00 PM



ရန်ကုန်မြို့ တည်ငြိမ်အေးချမ်းမှုမှာ လျှပ်စစ်မီးရရှိမှုအပေါ် မူတည်နေကြောင်း သာကေတမြို့နယ် ဓာတ်အားပေးစက်ရုံ၌ ဂျပန်နိုင်ငံအစိုးရ၏ Grand Aid ဖြင့် လှူဒါန်း၍ Mitsubishi Heavy နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပူးပေါင်းတည်ဆောက်သော (၁၃)မဂ္ဂါဝပ် ဒီဇယ် ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားလိုက်သည်။

''မြန်မာနိုင်ငံရဲ့ GDP မှာ ရန်ကုန် တိုင်းဒေသကြီးက ၂၃ ရာခိုင်နှုန်းပါဝင်နေ တယ်။ လျှပ်စစ်ရရှိမှုအပေါ် မူတည်ပြီး တည်ငြိမ်အေးချမ်းမှုရှိသည့် အနေအထားမှာ ရှိနေပါတယ်။ လျှပ်စစ်အပြည့်အ၀ရရှိမှ ပြည်သူတွေ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်မှုရှိမှာ ဖြစ်တယ်။ အခုဆိုရင် အလုံဓာတ်အားပေးစက်ရုံမှာ ၁၂၀ မဂ္ဂါဝပ်တပ်ဆင် ပြီးဖြစ်တယ်။ နောက် ၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကို ရွာမ၊ သာကေတ၊ လှော်ကားတွေမှာ တပ်ဆင်နေတာ အားလုံးအသိလည်း ဖြစ်ပါတယ်။ ဂျင်နရေတာတွေတပ် ဆင်ပြီး Gas ရဖို့လိုပါတယ်။ စွမ်းအင်ဝန်ကြီးဌာနက ၂၀၁ သန်းပေးမယ်လို့ပြောတယ်။ သူတို့ပေးနိုင်တဲ့စွမ်းအား ၂၁၀ ပဲ ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရန်ကုန်တိုင်းအတွက် နည်းနည်းစိုးရိမ်ပါတယ်''ဟု ယင်းကပြောသည်။

၂၃ ရာခိုင်နှုန်းသော တစ်နိုင်ငံလုံး ၏ GDP ပါဝင်မှုမှာ ရန်ကုန်တိုင်း ဒေသကြီးအတွက် အဓိကမှာစက်မှုကဏ္ဍ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံတော်တွင် အဓိကကျသော စက်မှုမြို့ ဖြစ်သည့်အတွက် လျှပ်စစ်မရလျှင် GDP မပြည့်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
''ရန်ကုန်မှာ ဒီနှစ်နွေရာသီလျှပ်စစ်ကို အပြည့်အ၀ရရှိအောင် ဆောင်ရွက်မှာပါ။ ရန်ကုန်ရဲ့ တစ်နေ့တာ လျှပ်စစ်လိုအပ်ချက်က မဂ္ဂါဝပ် ၉၀၀ ခန့်ရှိနေပါတယ်။ လိုအပ်တဲ့ မဂ္ဂါဝပ်အတွက် ရေအားလျှပ်စစ် ၂၃၀kV ဓာတ်အားပေးစက်ရုံက သုံးနေတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း မှာပြီးမယ့် ရေအားလျှပ်စစ်စက်ရုံတွေသုံးခု က စုစုပေါင်း ၂၂၀ မဂ္ဂါဝပ် ဒီနှစ်ထုတ်လုပ် နိုင်မယ်''ဟု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက News Watch နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

သာကေတမြို့နယ် ဓာတ်အားပေးစက်ရုံတွင် ဂျပန်နိုင်ငံအစိုးရ၏ Grand Aid ဖြင့် လှူဒါန်း၍ Mitsubishi Heavy Industries Ltd နှင့် ဂျပန် Mitsubishi ကုမ္ပဏီကထုတ်စက်များ တပ်ထားမှုတန်ဖိုး မှာ (၁)မဂ္ဂါဝပ်ရှိသည့် ဒီဇယ်အင်ဂျင်(၁၃) လုံးအတွက် ဂျပန်ယန်း ၈၀၀ နှင့် ယင်း စက်တွင် အသုံးပြုမည့် ဒီဇယ်ဂါလန် (၁ ဒသမ ၉)သန်းအတွက် ယန်းသန်း ၈၀၀ ဖြစ်ကြောင်း ယင်းစက်နှင့် ဒီဇယ်တို့ဖြင့် အရေးပေါ် လျှပ်စစ်ပြတ်တောက်မှုအတွက် လိုအပ်သောနေရာများတွင် အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။

Myanma Spectrum