ရုရှားတပ်ကို အသုံးပြုပေးရန် ယူကရိန်းသမ္မတ တောင်းဆိုခြင်းဖြစ်ဟုဆို

ပို့စ်တင်ချိန် - 3/04/2014 07:46:00 PM

russia army

ယူကရိန်းနိုင်ငံ တရားဥပဒေစိုးမိုးရေးအတွက် ရုရှားစစ်တပ်ကို အသုံးပြုပေးဖို့ အဖြုတ်ချခံရတဲ့ ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်က  ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဆီကို စာရေး တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုနဲ့ ယူကရိန်းနိုင်ငံမှာ အကြမ်းဖက်မှု ပြောင်ပြောင်တင်းတင်း လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ကုလသံအမတ် ဗီတာလီ ချာကင်းက ပြောကြားခဲ့ပါတယ်။

ယာနူကိုဗစ် ပေးပို့တဲ့ မိတ္တူကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို အစည်းအဝေးမှာ ထုတ်ပြခဲ့ပါတယ်။

ဒါကြောင့် ယူကရိန်းနိုင်ငံထဲက ရုရှားနိုင်ငံရဲ့လုပ်ဆောင်မှုတွေဟာ သင့်လျော်မှန်ကန်ပြီး တရားဝင်တယ်လို့ ရှုကင်းက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကတော့ “ကရိုင်းမီယားနဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဘယ်သူမှ ခြိမ်းခြောက်ခံရတာလည်း မရှိဘူး။ ဖိနှိပ်ခံရတာလည်း မရှိဘူး။

ယူကရိန်းအစိုးရသစ်ဟာ ပြည်တွင်းရင်ကြားစေ့ရေးကို ဦးစားပေး လုပ်နေတာလည်း ဖြစ်ပြီး စွပ်စွဲမှုတွေဟာ အခြေအမြစ်မရှိဘူး။ စစ်ရေးအရ ၀င်ရောက်တပ်စွဲတာဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တာက ချိုးဖောက်တာပဲ ဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံထဲက ရုရှားလူမျိုးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ သူမှာ အခွင့်အရေးရှိတယ်လို့  ရုရှားသမ္မတ ပူတင်က ပြောဆိုခဲ့ပါတယ်။

အီးယူက  ရုရှားတပ်တွေ တပ်စွဲမှုကို ရန်လိုတဲ့ လုပ်ရပ်တွေအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး တပ်တွေကို အခြေစိုက်စခန်းတွေထဲ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

မနက်အရုဏ်တက်မတိုင်မီ လက်နက်ချဖို့ ကရိုင်းမီယားမှာ ရှိတဲ့ ယူကရိန်းတပ်တွေကို ရုရှားက ရာဇသံ ပေးခဲ့ပေမယ့် တစုံတရာ ပစ်ခတ်မှုမရှိဘဲ သတ်မှတ်ချိန်ကို ကျော်လွန်ခဲ့ပါတယ်။

ကရိုင်းမီယားမှာ ရုရှားတပ် ၁ သောင်း ၆ ထောင်ကျော် တပ်စွဲထားတယ်လို့ ယူကရိန်းရဲ့ ယာယီအစိုးရက ဆိုပါတယ်။


DVB Burmese