ဒုချီးရားတန်းတွင် ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် အထောက်အထား မတွေ့ဟု ကော်မရှင်ဆို

ပို့စ်တင်ချိန် - 3/03/2014 01:29:00 PM




ရန်ကုန်၊ မတ် ၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် အထောက်အထား မတွေ့ရှိရကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးသာပွင့်က ပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပေးပို့လိုက်ပြီ ဖြစ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ဆိုသည်။

ဘင်္ဂါလီများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဒုချီးရားတန်း ဒေသခံများကို စစ်ဆေးရာတွင် သတ်ဖြတ်ခံရသည်ဟု ထွက်ဆိုခြင်း မရှိဘဲ ပျောက်ဆုံး နေသည်ဟုသာ ထွက်ဆိုခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်း အလယ်ရွာတွင် တိုက်ခိုက်ခံရသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဦးသာပွင့်က ပြောဆိုသည်။

“ဘင်္ဂါလီ အမျိုးသမီး တစ်ဦးက သူ့ယောက်ျား ပျောက်နေတယ်လို့ ပြောတယ်။ အဲဒီလူက အဖမ်းခံ ထားရတဲ့ အထဲမှာ ပါနေတာကို တွေ့ခဲ့တယ်” ဟု ၎င်းကဆိုသည်။

ဇန်နဝါရီလ ၂၈ရက်နေ့တွင် ဒုချီးရားတန်း အနောက်ရွာ မီးလောင်မှု ဖြစ်စဉ်တွင်လည်း စနစ်တကျ ပြုလုပ်သည့် မီးရှို့မှုဟု ယူဆရသော်လည်း မီးရှို့သူများကို မဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ဒုချီးရားတန်း ကျေးရွာအနီး ပတ်ဝန်းကျင်တွင် ဘင်္ဂါလီ လူဦးရေ သောင်းဂဏန်း ရှိပြီး တိုင်းရင်းသား ဦးရေမှာ ရာဂဏန်းသာ ရှိသဖြင့် တိုင်းရင်းသားများ လာရောက် မီးရှို့ခြင်း မဖြစ်နိုင်ကြောင်း ဦးသာပွင့်က ပြောဆိုသည်။

“အိမ်ကြီးနှစ်လုံး ကြားမှာရှိတဲ့ နွားတင်းကုတ်လို အိမ်တွေ လောင်ပြီးတော့ အိမ်ကြီးတွေကို မလောင်ဘူး။ သဘာဝအတိုင်း ဆိုရင် ကပ်နေတဲ့ အိမ်က လောင်ရမှာပေါ့။ အခုက ဟိုတစ်ကွက် ဒီတစ်ကွက် လောင်တာ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကွင်းဆင်း စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဒေါက်တာ ကျော်ရင်လှိုင်က ဆိုသည်။ လူပုဂ္ဂိုလ် ၁၀ ဦး ပါဝင်သည့် အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖေဖော်ဝါရီလ ၆ရက်နေ့ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့သည်။

ဒုချီးရားတန်း ကျေးရွာများတွင် ဒီဇင်ဘာလ ၉ ရက်နေ့၌ ဘင်္ဂါလီ ရှစ်ဦး အသတ်ခံရမှုနှင့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဒုချီးရားတန်း အလယ်ရွာ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များတွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်၍ ဘင်္ဂါလီ ၄၀ ကျော် သတ်ဖြတ်ခံရသည်ဟု နိုင်ငံတကာ မျက်နှာစာတွင် ပျံ့နှံ့နေသည့် သတင်းများမှာ ကောလာဟလ သတင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

The Voice Weekly