မုံရွာမြို့ လောကမာရဇိန်ဘုရား မျက်လုံးတော်ပွင့်သည်ဟု သတင်းများဖြစ်ပေါ်

ပို့စ်တင်ချိန် - 3/24/2014 10:10:00 AM


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ မတ် ၂၃
မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ရေစင်ကြီးလမ်းရှိ လောကမာရဇိန်ဘုရား ဗုဒ္ဓရုပ်ပွားတော်သည် ယခုလ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ကစတင်ပြီး မျက်လုံးတော်တစ်ဘက်ပွင့်သည်ဟု သတင်းများထွက်ပေါ်လျက်ရှိ ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်စိုးမှ ပြောကြားသည်။
အဆိုပါ သတင်းမှာ မြို့တွင်းသို့ရုတ်ချီးပြန့်နှံ့စေခဲ့ပြီး ဘုရားဖူးလာရောက်သူအများအပြားဖြင့် အထူးစည်ကား လျက်ရှိရာ တိုးဝှေ့၍ပင်မရနိုင်ကြောင်း ဘုရားဖူးခဲ့သူ လယ်တီရပ်ကွက်နေ ဒေသခံတစ်ဦးမှ အတည်ပြုပြော ကြားသည်။
“ ဘယ်ဘက်မျက်လုံးတော်က ညနေပိုင်းမှာ စပြီးပွင့်ခဲ့ပါတယ်..။ အခုဆိုရင် ညာဘက်မျက်လုံးတော်ပါပွင့်စ ပြုနေပါပြီ..” ဟု ၎င်းဘုရားအနီးနေ ကိုရေချမ်းဆိုသူမှ ပြောသည်။
အဆိုပါ လောကမာရဇိန်ဘုရားသည် မုံရွာမြို့ ပထမလယ်တီဆရာတော်ဘုရားကြီးမှ တည်ထားကိုးကွယ်ခဲ့ ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ သိရှိရသည်။

ကိုတိုး ချင်းတွင်း