တောင်ငူမြို့ မဈေး ဝါယာရှော့ခ်ကြောင့် မီးလောင်မှု ဖြစ်ပွားရခြင်း မဟုတ်ဟု အမှုဖွင့်ခံထားရသူများက ငြင်းဆို

ပို့စ်တင်ချိန် - 3/17/2014 06:14:00 PM


တောင်ငူ၊ မတ် ၁၆
တောင်ငူမြို့နယ် အမှတ် ၁၆ ရပ်ကွက်ရှိ မြို့မဈေးကြီး မီးလောင်မှုနှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရသည့် ဈေးကော်မတီဝင် နှစ်ဦးနှင့် မီးပြင်သူတို့က ဝါယာရှော့ခ်ကြောင့် မီးလောင်မှု ဖြစ်ပွားရခြင်း မဟုတ်ဟု ငြင်းဆိုခဲ့ကြောင်း ဈေးအကျိုးတော်ဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးလွင်အေးက ပြောကြားသည်။
ဝါယာရှော့ခ်ကြောင့် မီးလောင်ခြင်း ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ကို မီးပေါ့ဆမှုဖြင့် အမှုဖွင့်ထားကြောင်း၊ မီးမလောင်ခင်က ၎င်းတို့မှာ ဈေး အနောက်ဘက် သံဖြူရုံ (E ရုံ) မီးချောင်း ပြင်ဆင်ရမည်ဖြစ်ရာ လိုအပ်သောပစ္စည်း မရှိသောကြောင့် အိမ်ပြန်ရန် ပြင်ဆင်နေစဉ် မင်္ဂလာရုံ အနောက်တောင်ဘက် ဆိုင်ခန်းများမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း တောင်ငူမြို့နယ် အမှတ်(၂) ရဲစခန်းတွင် ပထမသတင်းပေး တိုင်ချက် (ပ) ၄၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၈၅ ( မီးပေါ့ဆမှု) ဖြင့် အရေးယူခံထားရသူ ဦးတင်အေး (လျှပ်စစ်ကော်မတီ) က ပြောကြားသည်။
ယင်းသို့ ငြင်းဆိုထားသော်လည်း လျှပ်စစ်ကော်မတီဝင် ဦးတင်အေးနှင့် ဈေးလုံခြုံရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးတင်ထွန်းအောင်တို့၏ တာဝန်ပေးချက်အရ မီးပြင်သူ ဦးထွန်းထွန်းသည် ဈေးလုံခြုံရေးမီးများ ပြုပြင်ရာမှ ဝါယာရှော့ခ်ဖြစ်၍ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း တောင်ငူခရိုင် မီးသတ်ဦးစီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
“အခုထိတော့ တရားရုံးမှာ စွဲဆိုထားတာ မရှိသေးဘူး။ ဒါပေမဲ့ ဒီအမှုကြောင့် မိသားစု အသိုင်းအဝိုင်းအနေနဲ့ နစ်နာတယ်” ဟု မီးပြင်သူ ဦးထွန်းထွန်းက ပြောကြားသည်။
ယင်းမီးလောင်ကျွမ်းမှုကြောင့် တောင်ငူမြို့မဈေးကြီးရှိ ဈေးရုံပေါင်း ၃၈ရုံ အနက် မင်္ဂလာရုံ(၁၊၂)၊ မင်္ဂလာကြားရုံ၊ အေရုံ၊ ဘီရုံ၊ အေကပ်၊ ဘီကပ်၊ ရုံအမှတ် ၁၊၂၊၃၊၅ တို့အပါအဝင် ဈေးရုံပေါင်း ၁၈ ရုံနှင့် ဈေးဆိုင်ခန်းပေါင်း ၁၁၉၉ ဆိုင် ဆုံးရှုံးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁၅,၉၈၀ ခန့် ရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာကြောင့် သေဆုံးသူ မရှိခဲ့ကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေး ကော်မတီက ကနဦး ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၆၀,၀၀၀ ကျော် ရှိကြောင်း ဈေးသူဈေးသားများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိအချိန်၌ တောင်ငူမြို့မဈေး လျှပ်စစ်ကော်မတီဝင် ဦးတင်အေး၊ ဈေးလုံခြုံရေး အဖွဲ့ခေါင်းဆောင် ဦးတင်ထွန်းအောင်နှင့် မီးပြင်သူ ဦးထွန်းထွန်းတို့ကို တောင်ငူမြို့ အမှတ် (၂) ရဲစခန်းက ပထမ သတင်းပေးတိုင်ချက် (ပ) ၄၂/၂၀၁၄/ ပြစ်မှုပုဒ်မ ၂၈၅(မီးပေါ့ဆမှု) တို့ဖြင့် အမှုဖွင့်ထားသည်။

Myawady