အမေရိကန်၏ မောင်းသူမဲ့ လေယာဉ် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် အာဖဂန် စစ်သား ငါးဦး သေဆုံး

ပို့စ်တင်ချိန် - 3/06/2014 07:23:00 PM


မောင်းသူမဲ့ လေယာဉ် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် အာဖဂန် စစ်သား ငါးဦး သေဆုံးပြီး ရှစ်ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ကြာသပတေးနေ့ မနက်ခင်းတွင် အာဖဂန် အစိုးရမှ ထုတ်ပြန် ကြေငြာခဲ့သည်။

တိုက်ခိုက်မှုသည် တော်လှန်တိုက်ခိုက်မှုများ ပြင်းထန်နေသည့် အာဖဂန်နစ္စတန် အရှေ့ပိုင်း လိုဂါ ခရိုင် ဂျာ့ခ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ ဒီတိုက်ခိုက်မှုရဲ့ အကျိုးဆက်ဟာ မြေပြင်ပေါ်က လူတွေနဲ့ ဒရုန်းကို ထိန်းချုပ်နေတဲ့ လူတွေရဲ့ကြား နားလည်မှု ကွဲလွဲခဲ့တာကြောင့် ဖြစ်ပွားခဲ့တယ်လို့ ယုံကြည်ပါတယ် ” ဟု လိုဂါခရိုင် အုပ်ချုပ်ရေးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဒင်မိုဟာမက် ဒါဝစ်ရှ်က ပြောဆိုခဲ့သည်။

“ ဒီဒေသမှာ မကြာခဏ ဆိုသလိုပဲ နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေကြောင့် ဆူပူမှုတွေ ဖြစ်တယ်။ ဂျာ့ခ်ဒေသ အတွင်းမှ အဲ့ဒီ နေရာကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုလည်း ခဏ ခဏ ဖြစ်တယ် ” ဟုလည်း မစ္စတာ ဒါဝစ်ရှ်မှ ပြောဆိုသွားသည်။

အမေရိကန်မှ ၎င်းတို့အနေဖြင့် သေဆုံးမှုများကို စုံစမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ဒီမနက်တုန်းက အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အနည်းဆုံး အာဖဂန် အမျိုးသား စစ်မှုထမ်း ငါးယောက်ဟာ မတော်တဆ သေဆုံးခဲ့တာ အတည်ပြုနိုင်ပါတယ်။ မိတ်ဖက် အာဖဂန်တွေနဲ့ ခိုင်မာတဲ့ စစ်ဆင်ရေးကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ နောက်ပြီး ဒီလိုမျိုး မတော်တဆမှုတွေ ဆက်မဖြစ်ပွားအောင် တားဆီးသွားဖို့လည်း ဆုံးဖြတ်ထားပါတယ် ” ဟု အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်မှုး ကတ်သလင်းစနိုးမှ ပြောကြားခဲ့သည်။

အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇေဟားအဇီမီမှလည်း ၎င်းမောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် မတော်တဆ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

ခိုင်မာသော သတင်းအချက်အလက်များ ရရှိမှု မရှိပဲ အရပ်သားများ သေဆုံးမှုကို ကာကွယ်ရန်အတွက် လေကြောင်းတိုက်ခိုက်မှုများ ကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီးနောက် အမေရိကန် စစ်တပ်အနေဖြင့် အာဖဂန်နစ္စတန်တွင် မောင်းသူမဲ့လေယာဉ် ဒရုန်းများကို ပိုမို အသုံးချလာလျက် ရှိသည်။

အာဖဂန် စစ်တပ်မှလည်း ၎င်းတို့၏ စစ်ဆင်ရေးများအတွက် သင့်လျော်သည့် လေကြောင်းထောက်ပံ့မှုများကို ရရှိမှု မရှိကြောင်း ညည်းညူလျက်ရှိသည်။

REF: The NewYork Times
The Myanma Age