ယူကရိန်းစစ်တပ် အင်အားဖြည့်ရန် ဘဏ္ဍာငွေလိုအပ်

ပို့စ်တင်ချိန် - 3/24/2014 05:18:00 PM


ကရိုင်းမီးယားဒေသက ယူကရိန်းစစ်စခန်းတွေကို ရုရှားတပ်တွေ တခုပြီး တခု သိမ်းနေတဲ့ အချိန်မှာ ယူကရိန်းစစ်တပ်ကို အင်အားဖြည့်ဖို့ ဘဏ္ဍာငွေ လိုအပ်တယ်လို့ ယူကရိန်း ၀န်ကြီးချုပ်က ပြောလိုက်ပါတယ်။

လောလောဆယ် ကရိုင်းမီးယားဒေသခံထဲမှာ ယူကရိန်းစစ်စခန်း အနည်းအကျဉ်းလောက်က လွဲလို့ တော်တော်များများကို ရုရှားတပ်တွေက သိမ်းပြီး မတ် ၂၃ ရက်နေ့အထိ စခန်းပေါင်း ၁၈၉ ခုမှာ ရုရှားအလံတွေ လွှင့်ထူထားပါတယ်။

ယူကရိန်းလွှတ်တော်မှာ ၀န်ကြီးချုပ် အာဆန်နီ ယက်စန်နွတ်က ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ပေးဖို့ တောင်းခံလိုက်ပါတယ်။

“တိုင်းပြည်ထဲမှာ ပြဿနာတွေ အများကြီးရှိတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ရုရှားတပ်တွေ သိမ်းထားတဲ့ ကရိုင်းမီးယားဒေသထဲက ယူကရိန်းစစ်တပ်ကို အကူအညီပေးဖို့နဲ့ တပ်အင်အားကို တိုးပြီး ချထားဖို့ လိုတယ်” လို့ ၀န်ကြီးချုပ်က အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို ပြောပါတယ်။

မတ် ၁၇ ရက်နေ့ကတည်းက ယူကရိန်းလွှတ်တော်က ကရိုင်းမီးယားဒေသကို ထိန်းသိမ်း ကာကွယ်ဖို့ တပ်အင်အား ၄ သောင်းအထိ ချထားဖို့ အစီအစဉ်ကို ထောက်ခံထားပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးကလည်း ကရိုင်းမီးယားဒေသထဲက အခြေအနေဟာ ရှုပ်ထွေးနေပြီး ကရိုင်းမီးယားဒေသမှာ တာဝန်ကျတဲ့ တပ်မိသားစုကို တပါတည်းခေါ်သွားမလား၊ နောက်ချန်ထားခဲ့မလားဆိုတဲ့ ကိစ္စကို မကြာခင်မှာ ဆုံးဖြတ်ချက်ချရမယ်လို့ ပြောပါတယ်။

ကရိုင်းမီးယားဒေသထဲမှာလည်း ယူကရိန်းစစ်တပ်ထဲက တချို့တပ်သားတွေက ရုရှားတပ်နဲ့ ပေါင်းသွားပြီး တချို့က နောက်တန်းကို ပြန်ဖို့ ဆန္ဒရှိနေကြပါတယ်။

DVB Burmese