စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာတွင် ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် မြေသိမ်းရာမှ ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွား

ပို့စ်တင်ချိန် - 3/08/2014 12:25:00 PM

မရှင်းလင်းရာနေရာတွင် မူလမြေပိုင်ရှင် တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဟိန်းမင်းထက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် စုန်းကျင်းအုပ်စုအုံ တုံပင်ကျေးရွာရှိ တောင်သူပိုင်မြေများပေါ်တွင် ရဲတပ်ရင်း(၂၈) တည်ဆောက်ရန်အတွက် မြေနေရာရှင်းလင်းရာမှ မူလမြေပိုင်ရှင် တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ မတ် ၇ ရက် နံနက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလထဲမှာ စပြီးတော့ သိမ်းဖို့ဆောင်ရွက်ပါတယ်။ အခုအုံတုံပင် ကျေးရွာရဲ့အနောက်မှာရှိနေတဲ့ မြေတွေကိုတော့ အစားမပေးဘဲ ရဲတပ်ရင်းဆောက်ဖို့ ဆိုပြီးသိမ်းတယ်။ မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေးမှာရှိတဲ့ လယ်ယာမြေတွေကိုတော့ မြို့ပြစီမံကိန်းအတွက် ဆိုပြီးတော့ သိမ်းတယ်။ အဲဒီလမ်းမကြီးဘေးမှာ ရှိနေတဲ့ တောင်သူတချို့ကိုတော့ တစ်ဧကကို ပေ ၈၀x၆၀ အကျယ်ရှိတဲ့ ၀န်းနှစ်ဝန်းပေးမယ်လို့ ပြောပါတယ်။

သိမ်းမယ်ဆိုတဲ့ အကြောင်းကို တရားဝင်စာထွက်တာတွေ ကြိုတင်အကြောင်းကြားတာ မျိုးတွေတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ သူတို့ဘက်က ပေးတဲ့မြေနေရာတွေ၊ လျော်ကြေးတွေကို ဘာတစ်ခုမှ မလိုချင်ပါဘူး။ လက်ရှိမှာလည်း ကျွန်တော်တို့မြေတွေက ဦးပိုင်ပေါက်တွေပါ စာရွက်၊ စာတမ်းအထောက်အထားတွေ အကုန်ရှိပါတယ်" ဟု အုံတုံပင်ရွာနေ တောင်သူတစ်ဦးဖြစ်သူ ဦးပြည့်အောင်က ဆိုသည်။

"ဒီနေ့ဆိုရင် ဘုန်းကြီးတစ်ပါးကိုလည်း အချုပ်ကားပေါ်မှာ ဖမ်းပြီးဆွဲတင်သွားတယ်။ ဘုန်းကြီးဆိုရင် မျက်ခုံးတွေပေါက်ပြဲနေတာ ရဲရိုက်တာလား အချုပ်ကားက သံတိုင်နဲ့ ဆောင့်မိတာလားတော့ မသိဘူး သွေးတွေကို ရဲနေတာ။ ဒေါ်နီဆိုတဲ့ အမျိုးသမီးဆိုရင် လက်ချောင်းလေးတွေ ကျိုးသွားလို့ မုံရွာကိုသွားပြီးတော့ ဆေးကုနေရတယ်။ ရွာမှာရှိတဲ့ မြေယာတွေက ပဲစဉ်းငုံ၊ ပြောင်း၊ ကြက်သွန်၊ နှမ်းစိုက်လို့ရတဲ့ မြေတွေပါ။ ထန်းပင်တွေဆိုရင် အပင် ၁၅၀ ကျော်ပါသွားတယ်။ ထန်းပင်တက်နေတုန်း ဆင်းပါဦးမယ်လို့ ပြောတာကို မရဘူး။ ဘူဒိုဇာနဲ့အတင်းထိုးလို့ ဆင်းပြေးခဲ့ရတယ်" ဟု ဒေသခံရွာသားတစ်ဦးက ဆိုသည်။

ဌာနဆိုင်ရာမှ မဟုတ်သည့် မြေပွဲစားအချို့လည်း ယခုအခင်းဖြစ် မြေနေရာများမှ မုံရွာ-ပုသိမ် လမ်းဘေးရှိ မြေကွက်များကို အသိမ်းဆည်းခံမည်ဆိုလျှင် မြေကွက်ကောင်း သုံးနေရာ အစားထိုးပေးမည်ဟုဆိုကာ ၀န်ခံကတိစာရွက်များ၌ လက်မှတ်ရေးထိုးပြီး တောင်သူအချို့အား လာရောက်စည်းရုံး မဲဆွယ်ခြင်းများ ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

"မြေသိမ်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး အထင်လွဲနေတာပါ။ သူတို့အတွက် မြို့ပြစီမံကိန်း လုပ်ပေးတာပါ။ သူတို့လယ်ယာမြေတွေကို သူတို့ပြန်ပြီး အကွက်ရိုက်ပေး နေတာပါ။ သူတို့ဆွေမျိုးအချင်းချင်း အမွေပြဿနာတွေ မပြေလည်လို့ကြလို့ မပြေလည်တဲ့ အမျိုးတွေက ကြားထဲကနေပြီး ၀င်ရောက်တားဆီး ကန့်ကွက်ရာကနေ အခုလိုဖြစ်တာ။ ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းသားတွေကို ဖမ်းတယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ လုပ်ငန်းခွင်ကို နှောင့်ယှက်လို့ ခဏလေး ထိန်းသိမ်းတာပါ။ အခုပြန်လွတ် ပေးပြီးပါပြီ။ ထန်းပင်တွေလှဲတယ် ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ ထန်းပင်တွေက အလေ့ကျပေါက်တဲ့ အပင်တွေပါ။ အကွက်ရိုက်တော့ လမ်းဖောက်ရာမှာ မလွတ်တဲ့ အပင်တွေကိုဘဲ လှဲတာပါ" ဟု ယင်းမာခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Eleven Media Group