“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မှ ကိုယ်စားလှယ်များကို စာရွက်စာတမ်း အတုများဖြင့် ကျပ်သိန်း ၇၀၀ ကျော် လိမ်လည်ခဲ့သူကို အမှုဖွင့်

ပို့စ်တင်ချိန် - 3/06/2014 06:52:00 PM


ရန်ကုန်၊ မတ် ၅

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အထူးဒေသ (၂) ကိုယ်စားလှယ်များထံမှ အိမ်ခြံမြေနှင့် အကောက်ခွန် စာရွက်စာတမ်း အတုများဖြင့် ငွေကျပ် သိန်း ၇၀၀ ကျော် လိမ်လည်ခဲ့သော အထွေထွေ အကျိုးဆောင် ကုမ္ပဏီမှ အသက် ၃၁ နှစ်အရွယ်ရှိ မန်နေဂျင်း ဒါရိုက်တာ အမျိုးသားတစ်ဦးကို မြို့နယ်နှစ်ခုမှ ရဲစခန်းတွင် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ သိရှိရသည်။

မရမ်းကုန်းမြို့နယ် ရန်ကုန်စီးတီး ဟိုတယ်ဝင်းရှိ သုံးလွှာတွင် ဖွင့်လှစ်ထားသော အထွေထွေ အကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာတစ်ဦးက အစိုးရဌာနဆိုင်ရာ ရုံးစာအတုများဖြင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အထူးဒေသ (၂)၊ တောင်ပိုင်းအဖွဲ့ စီးပွားရေး ကိုယ်စားလှယ် တစ်ဦးထံမှ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ နိုင်ငံတော်ပိုင် မြေကွက်များကို ငွေကျပ် သိန်း ၇၀၀ ဖြင့် လိမ်လည် ရောင်းချခဲ့မှုကြောင့် မတ်လ ၄ ရက်နေ့က အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း မရမ်းကုန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“မြေကွက်တွေ ရောင်းခဲ့တာက ၂၀၁၃ ခုနှစ်ကလို့ သိရတယ်။ စာရွက်စာတမ်းတွေ အတုမှန်း နောက်မှသိပြီး မရမ်းကုန်းရဲစခန်းမှာ ဒီအမှုကို စသုံးလုံးက တရားလိုပြု တိုင်ကြားထားတာ။ အမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းဆဲအဆင့်ပဲ ရှိပါသေးတယ်” ဟု မရမ်းကုန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

အဆိုပါ စာရွက်စာတမ်း အတုများဖြင့် လိမ်လည်ခဲ့သူ အမျိုးသားက “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အထူးဒေသ (၂)၊ တောင်ပိုင်းအဖွဲ့မှ အခွန်လွတ်ယာဉ် ၁၀ စီးနှင့် အခွန်ဆောင်ယာဉ် အစီး ၂၀ တို့ကို ၂၀၁၃ ခုနှစ် ဇွန်လက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၌ ကနဦး ယာဉ်မှတ်ပုံတင်ခွင့် ပြုလုပ်ပေးရန် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ ဆောင်ရွက်ခိုင်း ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အကောက်ခွန် သွင်းကုန် ကြေညာလွှာ စာရွက် ၆၄ ရွက်ကို အတုပြုလုပ်ပြီး ကျပ် ၁၂ သိန်းကျော် လိမ်လည်ခဲ့မှုနှင့် ပတ်သက်၍ စသုံးလုံးအဖွဲ့က ကျောက်တံတား မြို့မရဲစခန်းတွင် ၎င်းအပါအဝင် အမျိုးသားသုံးဦးကို တရားလိုပြု တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

“စာရွက်စာတမ်း အတုတွေနဲ့ ငွေတွေ လိမ်လည်ခံရလို့ “ဝ” အထူးကိုယ်စားလှယ်တွေက စသုံးလုံးကို တိုင်ခဲ့တာ။ စသုံးလုံးက ကနဦး စစ်ဆေးတဲ့ အခါမှာ စာရွက်စာတမ်း အတုပြုလုပ်ပြီး လိမ်ခဲ့တာ မှန်ကန်တာကြောင့် သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်ခဲ့တာ။ ခုအမှုဖွင့် ထားသူတွေကို မမိသေးဘူး” ဟု ကျောက်တံတား မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ စာရွက်စာတမ်း အတုများဖြင့် ငွေကျပ် သိန်း ၇၀၀ ကျော် လိမ်လည်ခဲ့သူကို မရမ်းကုန်းမြို့မရဲစခန်းက (ပ) ၃၂/၁၄၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ ဖြင့်လည်းကောင်း၊ ကျောက်တံတား မြို့မရဲစခန်းက (ပ)၇၃/၁၄၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly