ထို့ ကြောင့် . . .

ပို့စ်တင်ချိန် - 3/09/2014 09:01:00 AM

.
                  ““ဖြစ်နိုင် ရင် သူ့ကို မခိုင်းချင် ပါဘူး။ ဒါပေမဲ့ အိမ်ငှားခ အတွက် သူ့လစာကို မှီခို နေရတယ်””ဟု ဒဂုံ ဆိပ်ကမ်း (၁၆၈) ရပ်ကွက်နေ မပုက ပြောသည်။

                  သားသမီး လေးဦး ရှိသော မပု သည် ပဲပြုတ် ရောင်းခြင်းဖြင့် အသက် မွေးနေပြီး မပု၏ ခင်ပွန်းမှာ ကျပမ်း အလုပ်သမား တစ်ဦးဖြစ်သည်။ ထို့ ကြောင့် (၁၂)နှစ်သား အရွယ် ဒုတိယ မြောက် သားကို ၄င်းပဲပြုတ် ဖောက် သည် ပို့နေသော လက်ဖက်ရည် ဆိုင် တွင် သွားရောက် အပ်နှံထားကာ သားဖြစ်သူ၏ လစာကို သုံးလ တစ်ကြိမ် ကြိုတင် ထုတ်ယူ၍ အိမ်ငှား နေရသည်။ ၄င်းတို့ လင်မယား နှစ်ဦး ရရှိသော ၀င်ငွေကို စားစရိတ် အဖြစ် အသုံးပြု နေရသည်ဟု မပုက ပြော သည်။

                  ယခုအခါ အနည်းဆုံး အခကြေး ငွေများ သတ်မှတ်ရေး ဆိုသော အသံ များ ကျယ်ကျယ် လောင်လောင် ကြားလာ ရသည်။ အနည်းဆုံး အခ ကြေးငွေ သတ်မှတ်ရေး အတွက် အမျိုးသား ကော်မတီပင် ဖွဲ့ထား သည်။ အဆိုပါ ကော်မတီ ၏ ပထမ ဆုံးအကြိမ် အစည်းအဝေး တွင်  အနည်း ဆုံးအခကြေးငွေအား ယခုနှစ် မကုန်မီ သတ်မှတ်သွားရန် ဆုံးဖြတ်ခဲ့ကြ သော်လည်း မည်သို့ သတ်မှတ်ရန် ကိုကား မဆုံးဖြတ် ရသေး။

                  အနည်းဆုံး အခကြေးငွေ ဆိုသည်မှာ လုပ်ငန်း ကျွမ်းကျင်မှုရှိ သည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ အသက် (၁၈) နှစ် ပြည့်ပြီး သွားသော အလုပ် သမားတိုင်း ဥပဒေ အရ မဖြစ်မနေ ရရှိသင့်သည့် အခကြေးငွေ ဖြစ်သည်။

                  ထို့ကြောင့် အနည်းဆုံး အခ ကြေးငွေ သတ်မှတ်ရေး တွင် အသက် (၁၈) နှစ်ပြည့်ပြီး သူများသာ အကျုံး ၀င်သည်။ ကလေး အလုပ် သမား များအတွက် အကျုံး မ၀င်ပေ။ ဥပဒေ အရ ကလေး အလုပ်သမား မရှိသော် လည်း လက်တွေ့ တွင် ကလေး အလုပ်သမား အများအပြား ရှိနေ သည်မှာ ငြင်းချက် ထုတ်၍ မရချေ။

                  ““ကလေးတွေ ကို ခိုင်းရတာ လူကြီးတွေ ထက် ခိုင်းလို့ ကောင်း တယ်။ လစာလည်း အများကြီး ပေး စရာ မလိုဘူး””ဟု ရန်ကုန်မြို့ လမ်း (၂၀)ရှိ လူသုံး ကုန်ပစ္စည်းဆိုင် တစ် ဆိုင်မှ ဆိုင်ရှင်က ပြောသည်။

                  ရန်ကုန်မြို့ အနှံ့ရှိ စားသောက် ဆိုင်မှ စ၍ ကားဝပ်ရှော့ အထိ ကလေး  လုပ်သား များကို တွေ့နိုင် သည်။ ထို ကဲ့ သို့ လုပ်ငန်း နေရာ ပေါင်းစုံတွင် လုပ်ကိုင် နေသော ကလေး ငယ်များ သည် သာမန် အလုပ်သမား တစ်ယောက် ရသော ရပိုင်ခွင့်များ လစာ အကျိုးခံစား ခွင့်များနှင့် နှိုင်းယှဉ် လျှင် အလွန်ပင် နိမ့်ပါး နေသည်။

                  ထိုကဲ့ သို့ ဆိုင်များတွင် ခိုင်းစေ ထားသော ကလေးများမှာ အသက် (၁၂)နှစ် အရွယ်မှ အသက်(၁၅) နှစ် အရွယ် အများစုဖြစ်ပြီး ထိုကလေး ငယ်များ၏ မိသားစု ၀င်အရေ အတွက် မှာ လေးယောက်မှ ခြောက် ယောက်ခန့် အထိရှိတတ် ကြောင်း သိရသည်။ အဆိုပါ ကလေးငယ်များ ၏ မိဘများ မှာ စားဝတ် နေရေး မပြေလည်မှု ကြောင့် ကလေးများ၏ လစာ ကို သုံး လစာ သို့မဟုတ် ခြောက် လစာ ကြိုတင် ထုတ်သွား တတ်ကာ ကလေးငယ် များကို ဆိုင်ရှင်ထံ တွင် အပ်နှံ ထားခဲ့ တတ်ကြသည်။

                  ကလေးငယ်များ ၏ လစာမှာ တစ်လ လျှင် ကျပ် သုံးသောင်း မှ ငါးသောင်း ၀န်းကျင် အထိရှိပြီး ဆိုင်မှ နေစရာ နေရာနှင့် မနက်စာ၊ နေ့လယ် စာနှင့် ညစာကို တာဝန် ယူကြောင်း ကလေး လုပ်သားများ ၏ အလုပ်ရှင် များထံမှ သိရသည်။ ကလေး အလုပ် သမားများမှာ ထိုကဲ့သို့ ဆိုင်များ တွင် သာမက လက်ဖက်ရည် ဆိုင် များ၊ စားသောက် ဆိုင် များတွင် တွေ့ရတတ်ပြီး၊ အိမ် အကူများ အဖြစ် လည်း တွေ့ရ တတ် သည်။

                  ““ဥပဒေ ကို မလိုက်နာ လို့ ခိုင်း စေတဲ့ လူတွေကို အရေး ယူမယ် ဆိုရင် အလုပ် လုပ်နေတဲ့ ကလေး တွေ အကုန် လုံး လမ်းပေါ် ရောက်သွား လိမ့်မယ်”” ဟု ခုံသမာဓိ ကောင်စီ (အလုပ်သမား ကိုယ်စားလှယ်) ဦးရဲနိုင်ဝင်း က ပြော သည်။

                  ကျေးလက် ဒေသရှိ ကျောင်း သားများ ၏ ကျောင်းထွက် နှုန်းမှာ မူလတန်း အဆင့်တွင် (၁၃ ဒသမ ၉) ရာခိုင်နှုန်း၊ အလယ်တန်း အဆင့်တွင် (၂၂ ဒသမ ၇) ရာခိုင်နှုန်း၊ အထက် တန်း အဆင့်တွင် (၄၂ ဒသမ ၉) ရာခိုင်နှုန်း ရှိနေပြီး၊ အများစုမှာ အိမ်တွင်း စီးပွားရေး အဆင် မပြေမှု ကြောင့် ကျောင်း ထွက်ကာ အလုပ် လုပ်ရခြင်း၊ အချို့မှာ အိမ် အလုပ် လုပ်ရန် ကျောင်းထွက် ရခြင်းဖြစ် ကြောင်း သိရသည်။

                  လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင် များရှိ ကလေး အလုပ် သမား များ၏ အလုပ် ချိန်မှာ သာမန် လူကြီး တစ်ယောက်၏ အလုပ်ချိန် ထက် ပိုမို လုပ်ကိုင် နေရမှုများရှိနေ သည်။

                  စက်ရုံ၊ အလုပ်ရုံ များ ရှိ ကလေး အလုပ်သမားများမှာ လူကြီး အလုပ် သမားများ နည်းတူ နံနက် (၇) နာရီ မှ ညနေ (၅)နာရီ အထိ အလုပ်လုပ် ကိုင်နေရပြီး၊ လက်ဖက်ရည် ဆိုင် များရှိ ကလေး အလုပ်သမား များမှာ နံနက် (၅)နာရီ ၀န်းကျင်ခန့် မှ ည (၁၀) နာရီဝန်းကျင်ခန့် အထိ အလုပ် လုပ် နေရကြောင်း အလုပ်သမား အရေး ဆောင်ရွက် နေသူများထံမှ သိရသည်။

                  ကလေး အသက်(၁၅)နှစ်နှင့် (၁၈) နှစ်ကြား ကလေးငယ် များကို ခိုင်းစေ ပါက တစ်ရက် လျှင် လေး နာရီသာ ခိုင်းစေခွင့်ရှိပြီး (၁၅) နှစ် အောက် ကလေးငယ်များကို ခိုင်းစေ ခွင့်မရှိကြောင်း လူမှုဖူလုံရေးနှင့် အလုပ်သမား ရေးရာ ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

                  အပြည်ပြည် ဆိုင်ရာ အလုပ် သမား အဖွဲ့ချုပ် (ILO)၏ သတ်မှတ် ချက်စံနှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် ကလေးငယ်များ အား ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်စေသော အလုပ်ကို အသက် (၁၄) နှစ်နှင့် (၁၈) နှစ်ကြား ကလေးငယ်များ ကို ခိုင်းစေခွင့် မရှိကြောင်း၊ ပေါ့ပါးသော အလုပ်ကို ခိုင်းစေရာ တွင်လည်း အသက်(၁၂) နှစ် အထက် ကလေး ငယ်များ ကိုသာ ခိုင်းစေခွင့် ရှိကြောင်း ဖော်ပြ ထားသည်။

                  ““ကလေး အလုပ်သမား အများစု ဟာ ဆင်းရဲ မွဲတေမှုကြောင့် ဖြစ် လာရတာပါ””ဟု အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)၊ မြန်မာ နိုင်ငံရုံးမှ ဆက်သွယ် ညှိနှိုင်း ရေးမှူး  Mr.Steven Marshall က ပြောသည်။

                  မြန်မာနိုင်ငံ သည် ကလေး လုပ်သား ပပျောက် ရေးအတွက် ILO သဘော တူညီချက် တွင် လက်မှတ် ရေးထိုး ထားသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သော် လည်း အခြေခံ ပြည်သူများ ၏ စီးပွားရေး အခြေအနေ ကြောင့် ကလေး လုပ်သား အရေ အတွက်မှာ အလျော့ဘက် တွင် မရှိဘဲ အတက် ဘက်တွင် သာ ရှိနေသည်။

                  ““အနည်းဆုံး အခကြေးငွေ သတ်မှတ် လိုက်ရင် သဘော တရား အရတော့ ကလေး အလုပ်သမား လျော့သွား နိုင်တယ်။ ဒါပေမဲ့ ဒီနိုင်ငံ အခြေအနေ နဲ့ မလွယ်ဘူး””ဟု အနည်းဆုံး အခကြေးငွေ သတ်မှတ် ရေးနှင့် ပြန်လည် သုံးသပ်ရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာစိုင်းခိုင်မျိုးထွန်း က ပြောသည်။

                  အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အတွက် တိုင်း ဒေသကြီး အစိုးရ အဖွဲ့များ၊ ပြည်နယ် အစိုးရ အဖွဲ့များ နှင့် အလုပ်ရှင်၊ အလုပ် သမား အဖွဲ့အစည်း ကိုယ်စားလှယ် များ ပူးပေါင်း၍ တိုင်း ဒေသကြီးများ အလိုက် အလုပ်သမား တစ်ဦး တစ်နေ့ ကုန်ကျစရိတ်ကို စစ်တမ်း ကောက်ခံ သွားမည်ဟုလည်း သိရ သည်။ အလုပ်သမား တစ်ဦး တစ် နေ့လျှင် မဖြစ်မနေ အနည်းဆုံး ကုန်ကျမည့် ကုန်ကျစရိတ် မျဉ်းထက် ပိုမိုသတ်မှတ် ရန်လည်း သဘောတူ သတ်မှတ် ခဲ့ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ် ရေးနှင့် ပြန် လည် သုံးသပ်ရေး ကော်မတီမှ သိရသည်။

                  အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု  ပြဋ္ဌာန်းခဲ့ပြီး၊ အနည်းဆုံး အခကြေးငွေ နည်းဥပဒေ ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့တွင် အလုပ်သမား အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာန မှ ထုတ်ပြန် ခဲ့သည်။

                  ““အနည်းဆုံး အခကြေးငွေ သတ်မှတ် လိုက်ရင် ကလေးအလုပ် သမား လျော့သွားမယ့် လမ်းမမြင် ဘူး။ များလာ ဖို့ပဲရှိတယ်””ဟု ဦးရဲနိုင်ဝင်း က ပြောသည်။

                  အနည်းဆုံး အခကြေးငွေ သတ်မှတ် လိုက်သော အခါ လုပ်အားခများ ဈေးကြီး လာသဖြင့် အလုပ်ရှင်များ သည် လုပ်ခ ဈေးပေါသော ကလေး အလုပ် သမားများကို ပိုမိုခိုင်းစေ လာနိုင်သည်ဟု သုံးသပ်မှုများ လည်း ရှိနေသည်။ ထို့ကြောင့် ကလေးများ လုပ်နိုင် သည့် အလုပ်နှင့် အလုပ်ချိန် များကို သတ်မှတ် ကာ အတိအကျ လိုက်နာ စေသင့်ကြောင်း၊ ပညာသင် ကြားခွင့် ဖန်တီး ပေးရန်လိုအပ် ကြောင်း၊ ကလေး အလုပ်သမား အရေအတွက် အတိအကျ သိရှိရန် ကလေး အလုပ်သမား မှတ်ပုံတင် ကို တရားဝင် သတ်မှတ် ပေးရန် လိုအပ် ကြောင်း အလုပ်သမား အရေး ဆောင်ရွက် နေသူများက ဆိုသည်။

                  ““ကလေးတွေ ကို အလုပ်ခွင် ကနေ ထုတ်ဖို့ ကြိုးစား တဲ့ နေရာမှာ လူမှုရေး နယ်ပယ်မှာ ဘာတွေဖြစ် နေလဲ၊ စီးပွားရေး မှာ ဘာတွေဖြစ်နေ လဲဆိုတာ လေ့လာဖို့ လိုတယ်””ဟု Mr. Steve Marshall က ပြော သည်။

                  ကလေးငယ်များ လုပ်ကိုင် နိုင် သည့်အလုပ်များ၊ အလုပ်ခွင် အခြေ အနေများ၊ အလုပ်ချိန် များကို အတိ အကျ သတ်မှတ်ရေး အတွက် ကလေး အလုပ်သမား ဥပဒေ တစ်ရပ်ကို လူမှု ဖူလုံရေးနှင့် အလုပ်သမား ရေးရာ ၀န်ကြီးဌာနက ရေးဆွဲလျက် ရှိကြောင်း သိရသည်။

                  အနည်းဆုံး အခကြေးငွေ သတ်မှတ်လိုက် သည့်အခါတွင် အလုပ် သမား အရေအတွက် လျှော့ပြီး လုပ်အား ညှစ်ထုတ် သုံးစွဲမှုများ ဖြစ် ပေါ်လာနိုင် သကဲ့သို့ တိုးတက် လာသော လုပ်ခ လစာနှင့် အညီ ကုန် ဈေးနှုန်းမြင့်တက် မှုများလည်း ပေါ်ပေါက် လာနိုင်သဖြင့် အခြေခံပြည်သူ များ၏ စားဝတ် နေရေး အခြေအနေမှာ တစ်ဟုန်ထိုး တိုးတက် လာနိုင်ခြင်း မရှိဟု စီးပွားရေး ပညာရှင်များက သုံးသပ် ထားသည်။

                  ကလေး အလုပ်သမား အများစု မှာ ကျေးလက် ဒေသမှ လာရောက် လုပ်ကိုင် သူများဖြစ်ပြီး ကလေး အလုပ်သမား တိုင်းတွင် ၄င်းတို့ မိသားစု စားဝတ် နေရေး မပြေလည် မှုကြောင့်ဖြစ်ရာ အကယ်၍များ အနည်းဆုံး အခကြေးငွေ သည် အခြေခံ ပြည်သူများ၏ စားဝတ်နေ ရေးကို မပြေလည် စေနိုင်လျှင် ကလေး လုပ်သားများ လျော့နည်းရန် မှာ မဖြစ်နိုင် သေးပေ။

မင်းသူအောင်
Messenger News Journal