ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အား တွေ့ခဲ့ကြောင်း သတင်းဖော်ပြမှုကို မော်ဒိုက်ရဲတပ်ဖွဲ့ စစ်ဆေး

ပို့စ်တင်ချိန် - 3/20/2014 12:54:00 PM

မတ် ၁၇ ရက်တွင် သြစတြေးလျလေတပ်က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌
ရေကြောင်းကင်းလှည့်လေယာဉ်ပေါ်၌ တွေ့ရသော လေယာဉ်မှူးတစ်ဦး

ခရီးသွားများ နှစ်သက်သော ကျွန်းစုနိုင်ငံ မော်ဒိုက်တွင် ဒေသခံများက ပျောက်ဆုံးမလေးရှားလေယာဉ်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထွက်ခဲ့မှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း မတ် ၁၈ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မတ် ၈ ရက်တွင် မော်ဒိုက်တောင်ပိုင်းရှိ ကူဒါဟူဗာဒိုကျွန်းပေါ် လေယာဉ်ကြီးတစ်စင်း အနိမ့်ပျံသန်းသွားသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း Haveeru သတင်း ၀က်ဘ်ဆိုက်က ဖော်ပြမှုကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အနီစင်းကျားများနှင့် လေယာဉ်ဖြူတစ်စင်းသည် မော်ဒိုက်တောင်ဘက်စွန်းသို့ ဦးတည်ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ကြောင်း ကူဒါဟူဗာဒိုဒေသခံများ၏ ပြောကြားချက်ကို Haveeru က ဖော်ပြခဲ့သည်။ ကုန်းရေ နှစ်သွယ်သွား လေယာဉ်များကို မြင်ဖူးသော်လည်း ဂျက်လေယာဉ် တစ်စင်းက ယခုကဲ့သို့ အနိမ့်ပျံသွားမှုကို မတွေ့ဖူးကြောင်း မျက်မြင်တစ်ဦး၏ ပြောကြားမှုအား ယင်းဝက်ဘ်ဆိုက်က ကိုးကားခဲ့သည်။Haveeru ဂျာနယ်လစ် ဖာရာအာမက်က မျက်မြင်အမြောက်အမြားသည် ယင်းအတိုင်းပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်း မော်ဒိုက်စစ်တပ်က မတ် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

မော်ဒိုက်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ရေဒါများနှင့် လေဆိပ်များရှိ အရပ်ဘက်ဆိုင်ရာ ရေဒါများအား ပြန်လည်စစ်ဆေးခဲ့သော်လည်း အဆိုပါလေယာဉ်သည် နိုင်ငံပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့သည့် အထောက်အထား မတွေ့ခဲ့ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ MH370 ခရီးစဉ်လေယာဉ်ဟာ မော်ဒိုက်နိုင်ငံထဲကို ၀င်ခဲ့တဲ့ အထောက်အထား မတွေ့ရပါဘူး”ဟု စစ်တပ်၏ ကြေညာချက်တွင် ပါရှိသည်။

မော်ဒိုက်ရဲတပ်ဖွဲ့နှင့် အရပ်ဘက် လေကြောင်းအာဏာပိုင်များက အသေးစိတ်စုံစမ်းမှုများကို ဆက်လုပ်နေပြီး အစီရင်ခံစာတစ်စောင်ကို ထပ်မံထုတ်ပြန်သွားမည် ဖြစ်ကြောင်း အတည်ပြုထားသည်။

“ရေဒါအချက်အလက်တွေနဲ့ လေကြောင်းထိန်းသိမ်းရေးဌာနက မှတ်တမ်းတွေ အားလုံးကို ပြန်ပြီး စစ်ဆေးနေပါတယ်” ဟု အရပ်ဘက် လေကြောင်းအာဏာပိုင်အမှုဆောင်ချုပ် ဟူစိန်ဂျာလေးက ပြောကြားသည်။

ယခုအခါ မလေးရှားလေယာဉ်ကို နိုင်ငံ ၂၆ နိုင်ငံက ပူးတွဲရှာဖွေလျက်ရှိကြောင်း သိရသည်။  

Ref:AFP
Eleven Media Group