ယူကရိန်းမှာ ရုရှားလိုလားသူတွေနှင့် ယူကရိန်းလိုလားသူတွေ ပဋိပက္ခဖြစ် ၁ ဦးသေဆုံး

ပို့စ်တင်ချိန် - 3/14/2014 04:14:00 PM


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒိုနေ့စ်မြို့မှာ မတ်လ ၁၃ ရက်နေ့က ရုရှားလိုလားသူတွေနဲ့ ယူကရိန်းလိုလားသူတွေ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး လူ တဦး သေဆုံးခဲ့ပါတယ်။

အခြားလူအများအပြားလည်း ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံ ဆေးရုံအာဏာပိုင်တွေက ဆိုပါတယ်။ ရုရှားစကားပြောတဲ့ မြို့ဟာ ရုရှားနိုင်ငံနဲ့ နီးကပ်တဲ့ စက်မှုမြို့ဖြစ်ပါတယ်။

မြို့လယ်ရင်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း သေဆုံးသွားသူဟာ ဘယ်လိုသေဆုံးခဲ့တယ် ဆိုတာ အသေအချာမသိရပေမယ့် မြို့တော် ကီယက်ဗ်မြို့ပြင်မှာ ပထမဆုံးသေဆုံးမှု ဖြစ်ခဲ့ပါတယ်။

မတ်လ ၁၆ ရက် ခရိုင်မီယာလူထုဆန္ဒခံယူပွဲ မကျင်းပခင် ရုရှားနဲ့ ပူးပေါင်းလိုသူတွေနဲ့ ယူကရိန်းနိုင်ငံထဲ ဆက်နေလိုသူတွေကြား တင်းမာမှုတွေ ယူကရိန်းနိုင်ငံမှာ ဆက်လက်မြင့်မား လာနေတာလည်း ဖြစ်ပါတယ်။

DVB Burmese