တာတိုပစ်ဒုံးများ မြောက်ကိုရီးယား ထပ်မံပစ်လွှတ်

ပို့စ်တင်ချိန် - 3/24/2014 06:20:00 PM


အေအက်ဖ်ပီ

ဆိုးလ်၊ မတ်လ ၂၃

မြောက်ကိုရီးယားနိုင်ငံသည် ပင်လယ်အတွင်းသို့ တနင်္ဂနွေနေ့က တာတိုပစ် ဒုံးကျည် ၁၆ စင်း စမ်းသပ်ပစ် လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်ကဆိုခဲ့သည်ဟု မတ်လ ၂၃ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း မြောက်ကိုရီးယားနိုင်ငံသည် ဒုံးကျည်ဒါဇင်ပေါင်းများစွာ စမ်းသပ် ပစ်လွှတ်ခဲ့ခြင်းမှာ တောင်ကိုရီးယားနှင့် အမေရိကန်အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆန့် ကျင်တုံ့ပြန်ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက် စောစော ၁ နာရီမှ ဒေသစံတော်ချိန် တနင်္ဂွေန့ နံနက်စောစော ၂ နာရီခွဲအတွင်းတွင် မြောက်ကိုရီးယား၏ အရှေ့ဘက် ကမ်းရိုးတန်းမှနေ၍ ပင်လယ်အတွင်းသို့ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

“၃၇ မိုင်လောက်အထိ ပစ်နိုင်တဲ့ ဒုံးကျည်တွေပါ”ဟု ၎င်းကဆိုသည်။ ရုရှလုပ် ပဲ့ထိန်းစနစ်မပါသော ပုံစံဟောင်း ဒုံးကျည်ထိပ်ဖူးများ တပ်ဆင်ထားသည့် Frog ဒုံးကျည်များဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်သည့်ကိစ္စမှာ အဆန်းတကျယ် မဟုတ်သော်လည်း လွန်ခဲ့သော ရက်သတ္တပတ်များအတွင်းတွင် မြောက်ကို ရီးယားသည် ဒုံးကျည်များ ခဏခဏ စမ်းသပ်ပစ် လွှတ်နေခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် ယခုလအတွင်းတွင် စနေနေ့က စမ်းသပ်ပစ်လွှတ်ခဲ့သော ဒုံးကျည် ၃၀ စင်း အပါအ၀င် တာတိုပစ်ဒုံးကျည် အစင်း ၇၀ ခန့်အား စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဖြစ်သည်။
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများမှာ နောက်လအထိတိုင်အောင်ဆက်လက်ပြုလုပ်မည့် တောင်ကိုရီးယား-အမေရိကန် နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှု အပေါ် မြောက်ကိုရီးယားက ဒေါသထွက် ကြောင်း ပြသမှုတစ်ရပ်ဖြစ်သည်ဟု လေ့လာသူများက ဆိုကြသည်။

တောင်ကိုရီးယားဘက်တွင် ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားက အမြဲလိုလို ဝေဖန် လေ့ရှိပြီး ကျူးကျော်ရန်အတွက် လေ့ကျင့်ခြင်းဟု ဆိုလေ့ ရှိသည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့က မူ စစ်ရေးလေ့ကျင့်မှုမှာ ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း ပြောခဲ့ကြသည်။

Mizzima Burmese