ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး ဒုတိယ အဆင့် တင်ဒါပေး

ပို့စ်တင်ချိန် - 3/04/2014 11:02:00 PM


ကျောက်ဖြူ ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်း၌ ပါဝင်သော မလကျွန်းရွာရှိ သဘာဝ ဓာတ်ငွေ့ သန့်စင် စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင် (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)

ရခိုင်ပြည်နယ် ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး အတွက် စင်ကာပူနိုင်ငံ အခြေစိုက် အကြံပေး ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၂ သန်းခွဲဖြင့် ငှားရမ်း လိုက်ပြီ ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲရေး ကော်မတီက သတင်း ထုတ်ပြန်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည် ဖော်လျက်ရှိရာ ယခု တင်ဒါ ခွင့်ပြုခြင်းသည် ဒုတိယ အဆင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

တင်ဒါ တင်သွင်း ယှဉ်ပြိုင်ကြသည့် အကြံပေး ကုမ္ပဏီ အုပ်စု ၁၇ ခု အနက် စင်္ကာပူနိုင်ငံ အခြေစိုက် CPG (Creative Professional Groups) အကြံပေး ကုမ္ပဏီ အုပ်စုအား ရွေးချယ်ခဲ့ပြီး နယ်သာလန်နိုင်ငံ အခြေစိုက် KPMG ကို အရံ ကုမ္ပဏီ အဖြစ် ရွေးချယ်ခဲ့ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲရေး ကော်မတီ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

တင်ဒါ တင်သွင်းရန် စိတ်ဝင်စားသည့် နိုင်ငံတကာ ကုမ္ပဏီ အုပ်စု ၃၁ ခု ရှိပြီး ကုမ္ပဏီ အုပ်စု ၁၇ ခုက တင်ဒါ တင်သွင်းကြောင်း မတ်လ ၃ ရက်က မြန်မာ့မီးရထား ရုံးချုပ်တွင် ပြုလုပ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထုတ်ပြန် ပြောဆိုခြင်း ဖြစ်သည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ၀န်ကြီး ဌာန ဒု ဝန်ကြီး ဦးမြင့်သိန်း က “ဒီအကြံပေး အဖွဲ့က Developer (ရင်းနှီး တည်ဆောက်သူများ) ရွေးပြီးတဲ့ အဆင့်အထိပဲ အကျုံးဝင်မယ်။ စီမံကိန်း အကောင် အထည်ဖော်ရေး အတွက် စီမံခန့်ခွဲတဲ့ အဖွဲ့ ထပ်ခေါ်ရမယ်”ဟု ပြောသည်။

ရွေးချယ်ခံရသည့် CPG ကုမ္ပဏီကို စင်္ကာပူ အစိုးရ၏ ပြည်သူ့လုပ်ငန်းဌာနက ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အိမ်ရာ ကုမ္ပဏီ ဖြစ် သည့် DTZ ၊ ရေကြောင်းနှင့် ဆိပ်ကမ်း ၀န်ဆောင်မှုလုပ်ငန်း ဖြစ်သည့် Global Maritime and Post Services၊ စာရင်းကိုင် ကုမ္ပဏီ EY (Ernst&Young) နှင့် စီမံကိန်း စီမံခန့်ခွဲရေး ကုမ္ပဏီ PM Link တို့ စုပေါင်းထားသည့် ကုမ္ပဏီ အုပ်စုဖြစ်ကြောင်း သိရသည်။

တင်ဒါ ရရှိသွားသော ကုမ္ပဏီအုပ်စုက လုပ်သားအင်အားဖွံ့ဖြိုးရေး အစီအစဉ်၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘ၀ ထိခိုက်မှုများကို စောင့်ကြည့် အကဲဖြတ်ရေး အစီအစဉ်များ ရေးဆွဲ လုပ်ဆောင်ရမည်ဟု ဒု ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

ဆက်လက်၍ စီးပွားရေးဇုန် အတွင်း လာရောက် ရင်းနှီးမြှုပ်နှံမှုများအား အိတ်ဖွင့် တင်ဒါ ခေါ်ယူရေး လုပ်ဆောင်ရန် အတွက် အကြံ ပေး ဝန်ဆောင်မှု ပြုနိုင်ရန် ယခုကဲ့သို့ တင်ဒါပေး ငှားရမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း အတွက် လုပ်သား အင်အား ၂၅၀,၀၀၀ ခန့် လိုအပ်ပြီး ရခိုင်ပြည်နယ်တွင် သဘာဝအတိုင်း ရှိနေသည့် ဒီရေ ရောက် သစ်တောများ ကျယ်ပြန့်စွာ ရှိနေကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

CPG ကုမ္ပဏီ အုပ်စုက အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ရေ ရရှိရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ဆက် သွယ်ရေးနှင့် ဟိုတယ်များ အစရှိသည့် လုပ်ငန်းခွင်အဆင်ပြေရေး ကိစ္စများကို သက်ဆိုင်ရာ ၀န်ကြီး ဌာနများ၊ ပြည်နယ် အစိုးရ နှင့် စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများနှင့် အတူ ပူးပေါင်း လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ဒု ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

ကျောက်ဖြူမြို့နှင့် ၄ မိုင် အကွာရှိ စစ်တော ကျေးရွာ အနီးရှိ ဧက ၁ ထောင် ကျော်တွင် လုပ်ငန်း ဆောင်ရွက်မည့် အဆိုပါစီမံကိန်း အတွက် လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရန် ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံကို လည်းကောင်း၊ ဒေသထွက် သဘာဝဓာတ် ငွေ့ ၅၀ မဂ္ဂါဝပ် ရရှိရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လုပ်ပိုင်ခွင့် ရရှိသွားသော ကုမ္ပဏီက မိမိဆန္ဒ မပါဘဲ ရွှေ့ပြောင်းမှုနှင့် ပတ်သက်သည့် မှတ်တမ်း ပြုစုပေးရန် လိုအပ်ပြီး စီမံကိန်း အတွက် ပြည်သူများကို ပြောင်းရွှေ့နေရာ ချထားရာတွင် ကမ္ဘာ့ဘဏ်က ချမှတ်ထားသည့် စည်းမျဉ်းများ အတိုင်း ဆောင် ရွက်ရမည် ဖြစ်သည်ဟု ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

အဆိုပါ စီမံကိန်းနေရာသည် လူနေထိုင်မှု နည်းပါးခြင်းနှင့်ပတ်သက်ပြီး Kalvin Chia Partnership Law Firm မှ ရှေ့နေ ဦးသန်းမောင် က “လူအများစုက တခြားနေရာကို ပြောင်းရွှေ့ဖို့ မလိုအပ်ပါဘူး၊ တပြိုင်တည်းလိုပဲ ဒေသခံ အသိုင်းအ၀ိုင်းလည်း ဖွံ့ဖြိုး တိုးတက်လာမှာပါ၊ ကျနော်တို့ စီမံကိန်းမှာ သူတို့ အလုပ်လုပ်လို့ ရပါတယ်”ဟု ပြောသည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းသည် ရခိုင်ပြည်နယ် အတွင်းတည်ရှိပြီး ဒေသအတွင်း ဖြစ်ပွားလျက် ရှိသည့် ပဋိပက္ခများကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများအား ထိခိုက်မှု မရှိစေရန် အာမခံနိုင်ကြောင်း ဒုဝန်ကြီး ဦးမြင့် သိန်းက ပြောသည်။

“စီမံကိန်း လုပ်မယ့် နေရာဟာ ကျွန်း ဖြစ်တဲ့အတွက် တည်ငြိမ်ရေးကို ထိန်းသိမ်းလို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ရခိုင် တိုင်းရင်း သားတွေ အပေါ် ကျနော် ယုံကြည်တယ်၊ နောက်ထပ် ပဋိပက္ခ လုံးဝ မဖြစ်နိုင်တော့ပါဘူး၊ လုံးဝ အာမခံရဲပါတယ်”ဟု ၎င်းက ပြော သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်များနှင့် ရခိုင် ဒေသခံများ တက်ရောက်ခဲ့ ကြသည်။

ဧရာဝတီ