ငွေခုနစ်သိန်းပါ စုဘူးကို အိမ်နီးချင်းက ခိုးယူ

ပို့စ်တင်ချိန် - 3/05/2014 06:17:00 PM


ဇော်ဇော်ထွေး

လှိုင်သာယာမြို့နယ်တွင် ငွေကျပ်ခုနစ်သိန်းပါ ပိုက်ဆံစုဘူး ခိုးယူခံရမှုကို မတ် ၃ ရက်တွင် အမှုဖွင့်ဖော် ထုတ်လိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ပိုက်ဆံစုဘူး အခိုးခံရမှုမှာ ၂၀၁၄ ဖေဖော်ဝါရီ ၁၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (၇)ရပ်ကွက်၊ ဗညားဒလ လမ်း၊ အမှတ် (၅၃၃၊ က)နေ ကိုချိုထွေး (၂၉)နှစ်က လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ဖေဖော်ဝါရီ ၁၃ ရက်က တရားလိုနှင့် ဇနီးဖြစ်သူ မချောစုတို့သည် ညောင်တုန်းရှိ အသိမိတ်ဆွေ မင်္ဂလာ ဆောင်သို့ သွားရောက်ခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၈ နာရီ အိမ်ပြန်ရောက်ခဲ့ပြီး ညနေ ၇ နာရီ အချိန်တွင် အ၀တ် အစားလဲရန် သော့ခက်မထားသည့် သံသေတ္တာအား ဖွင့်ကြည့်ရာ အတွင်း၌ ထည့်ခဲ့သည့် ငွေခုနစ်သိန်းပါ ပိုက်ဆံစုဘူးမှာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ထို့ကြောင့် ခိုးယူသူအား စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းခဲ့သဖြင့် မြို့နယ်ရဲ စခန်းက မတ်လ ၃ ရက်တွင် (ပ) ၂၅၀/ ၂၀၁၄ ဖြင့် အမှုဖွင့် စုံစမ်းခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

အမှုနှင့် ပတ်သက်၍ စုံစမ်းစဉ်အတွင်း တရားလိုနှင့်အခန်းချင်းကပ် နေထိုင်သည့် သိန်းမင်းစိုးနှင့် မနန်းချယ် ရီသင်းတို့သည် လက်ကိုင်ဖုန်းဝယ်ခြင်း၊ ငွေကြေးအလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် မသင်္ကာသဖြင့် ခေါ်ယူ စစ်ဆေးခဲ့သည်။

ထိုအခါတွင် သိန်းမင်းစိုးနှင့် မနန်းချယ်ရီသင်းတို့က အထက်ပါ ငွေခုနစ်သိန်းပါ ပိုက်ဆံစုဘူးအား ခိုးယူခဲ့ ကြောင်း ၀န်ခံခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် ခိုးယူထားသောငွေဖြင့် ၀ယ်ယူထားသည့် ပစ္စည်းများနှင့် ကျန်ငွေ နှစ်နှစ်သိန်းတို့ကို သိမ်းဆည်း ပြီး ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အရေးယူရန် ဆက်လက်စစ်ဆေးနေသည်ဟု ဆိုသည်။

Mizzima Burmese