လူထွားကြီးတစ်ဦးကြောင့် ပူတာအိုမြို့မှ အမျိုးသမီးများ ထိတ်လန့်လျှက်ရှိ

ပို့စ်တင်ချိန် - 3/05/2014 10:20:00 PM


လွန်ခဲ့သည့်(၅)ရက်ခန့်မှစ၍ ကချင်ပြည်နယ်၏ ခရိုင်မြို့တစ်မြို့ဖြစ်သော ပူတာအိုမြို့ပေါ်တွင် အမျိုးသမီးများ ညစဉ် ထိတ်လန့်နေရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လျှက်ရှိရာ ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ (၅၊၃၊၁၄)ရက်နေ့က ပူတာအိုမြို့နယ်တာဝန်ရှိသူများမှ အရေးပေါ်အစည်းအဝေးပြုလုပ်၍ ကျူးလွန်နေသူအား ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေအရ အရေးယူနိုင်ရေး ဆုံးဖြတ်ချက်ချခဲ့ရကြောင်း herjule media မှသတင်းရရှိပါသည်။

ထိုသို့ ထိတ်လန့်နေရသောသတင်းမှ လူထွားကြီးတစ်ဦး ညအချိန်တွင် အမျိုးသမီးများရှိရာ နေအိမ်များပေါ်တက်၍ မဖွယ်မရာ ပြုလုပ်နေသည့် သတင်းဖြစ်ပြီး တစ်ညလျှင်တစ်ရပ်ကွက်နှုန်းဖြင့် နေအိမ်များပေါ်တက်၍ အဓမ္မကြံစီရန်ကြိုးပမ်းနေကြောင်း ဒေသခံတစ်ဦးမှ ယခုလိုအတည်ပြု herjule media သို့ ယခုလိုပြောကြားခဲ့ပါသည်။
" ဟုတ်တယ်၊ (၅)ရက်လောက်ရှိပါပြီ၊ကောလဟလ တော့မဟုတ်ဘူး၊ တကယ်ဖြစ်နေတာပါ၊ လွန်ခဲ့တဲ့(၃)ရက်လောက်က မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ကောင်ကထောင်ရပ်ကွက်မှာ လင်မယားအိပ်ယာကို သူ့ယောက်ျားယောင်ဆောင်ပြီး ၀င်အိပ်ပါတယ်၊မိန်းမဖြစ်သူက သူ့ယောက်ျား မီးဖိုထဲမှာ အလုပ်လုပ်နေတာကို သိတဲ့အတွက် လှမ်းအော်တော့ အခြားအိမ်သားတွေရော သူ့ယောက်ျားကပါ ၀င်လုံးပြီး ဖမ်းဖို့ကြိုးစားပါတယ်၊အယောင်ဆောင်ဝင်အိပ်သူက ထွားကျိုင်းလွန်းတော့ ဖမ်းမမိဘဲ ထွက်ပြေးသွားခဲ့ပါတယ်၊ အဲဒီလူဆီက မိုးကာဂျာကင်တစ်ထည်နဲ့ စစ်စွတ်ကျယ်တစ်ထည် ကျန်ရစ်ခဲ့ပါတယ်၊ စစ်စွတ်ကျယ်မှာ ခလရ(၁၃၇)ဆိုတဲ့ အမှတ်အသား ပါနေပါတယ်၊ဖြစ်သွားတဲ့အိမ်ဟာလည်း ပူတာအိုဗျူဟာနဲ့နီးတော့ အဲဒီဗျူဟာမှာ သင်တန်းလာတက်တဲ့ တပ်တစ်ခုခုကများ ဖြစ်နေမလားလို့ ထင်ပါတယ်"..။

အခြားပူတာအိုနယ်ခံမှလည်း "" ဟုတ်တယ်၊ ကျွန်တော်တို့ တစ်မြို့လုံး အဲဒီသတင်းက ပြောစရာလိုဖြစ်နေတယ်၊ အရင်က အခုလို ဖြစ်ရပ်မျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး၊ ခုတလော ညတိုင်းပဲ ကြားနေရပါတယ်၊ ဒီနေ့ ဒီရပ်ကွက်က တစ်အိမ် နောက်နေ့ နောက်ရပ်ကွက်က နောက်တစ်အိမ် အဲဒီလိုပဲကြားနေရတာ၊ အထူးသဖြင့်တော့ အမျိုးသမီးအိမ်တွေပေါ်တက်တာပါ၊ ပစ္စည်းခိုးသွားတယ်ဆိုတာတော့ မကြားပါဘူး၊ အိပ်ခန်းထဲ ၀င်ဖို့ကြိုးစားတာတို့ တံခါးဖွင့်ဖို့ကြိုးစားနေတုန်း လူသိသွားပြီး အော်ဟစ်လို့ ထွက်ပြေးသွားတာတို့ ကြားရပါတယ်၊""

ထိုဖြစ်စဉ်အပေါ် အတည်ပြုချက်ရယူနိုင်ရန် ပူတာအိုမြို့ရဲစခန်းသို့ ဖုန်း(၀၉၈၄၀၀၅၂၅ ၊ ၀၉၈၄၀၀၂၅၅)ဆက်သွယ်ရန်ကြိုးစားခဲ့ရာ ဖုန်းနှစ်လုံးစလုံး ခေါ်ဆိုမရသောကြောင့် မြိုနယ်အုပ်ချုပ်ရေးမှူး၏ ဖုန်းဖြစ်သော (၀၉၈၄၀၀၁၇၀)သို့ ခေါ်ဆိုရာတွင်လည်း ခေါ်ဆို၍ မရရှိခဲ့ပေ၊

သို့ပါ၍ ဌာနဆိုင်ရာ အကြီးအကဲ တစ်ဦးထံ ဖုန်းဆက်သွယ်မေမြန်းခဲ့ရာ "ဖြစ်စဉ်ကတော့ အမှန်ပါပဲ၊ဒါပေမယ့် ကျွန်တော့်နာမည်တော့ မသုံးစေချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီကနေ့ အစည်းအဝေးကို တက်ခဲ့သူဖြစ်နေလို့ပါ၊အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချလိုက်တာက ဘယ်အဖွဲ့က ဘယ်သူပဲ ဖြစ်ဖြစ် မိအောင်ဖမ်းပြီး ဥပဒေအရအရေးယူသွားဖို့ပါ၊ လက်နက်ကိုင်အဖွဲ့ကလား အရပ်ကလားဆိုတာတော့ စုံစမ်းနေတုန်းပါပဲ၊ မနေ့ညကဆိုရင် အတော်ကို ဆိုးပါတယ်၊ မနေ့ညက (၁၀)နာရီ ပူတာအိုမှာမီးပျက်သွားတယ်၊
ည(၁၁)နာရီခွဲနဲ့(၁၂)နာရီကြားထဲမှာသူနာပြုအပျိုတွေ နေတဲ့ အိမ်တွေရဲ့ ၀ရံတာပေါ်တက်တယ်။ ဆရာမတွေ လှန်းထားတဲ့ အတွင်းခံဘောင်းဘီ အကျီင်္တွေကို ကိုင်တွယ်သွားတယ်၊ဆရာမတွေအိမ်က မိန်ကလေးတွေပဲရှိတဲ့အပြင် အခြားအိမ်တွေနဲ့ ဝေးတော့ ဆရာမလေးတွေက မအော်ရဲဘူး၊ အဲဒီလူထွားကြီးက ၀ရံတာပေါ်မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတယ်၊ တံခါးတွေ ဆွဲကြည့်တယ်၊ အိမ်ခေါင်မိုးပေါ် တက်တယ်၊ပြီးတော့မှ OG ရဲ့အိမ်ဘက်ထွက်သွားတယ်၊မနက်မိုးလင်းတော့ OGရဲ့ အိမ်သာမှာ မစင်ပုံတွေ့တယ်၊ညက သန့်ရှင်းရေးလုပ်ထားတဲ့ အိမ်သာမှာ သူစိမ်းရဲ့ မစင်ပုံဆိုတော့ သိသာတာပေါ့၊ ဒါတွေကြောင့် မြို့မှာ ထိတ်လန့်နေတယ်၊ ဒီထိတ်လန့်မှုကို ဖြေလျော့ဖို့ လုံခြုံတွေ တိုးမြင့်ဖို့လည်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်""
ဟု herjule media ကို အတည်ပြု ပြောဆိုသွားခဲ့ပါသည်။

(ဟာဂျူလီ-ကသာ)