မီတာခ တိုးမြှင့်မှု ပြန်သုံးသပ်ဖို့တောင်းဆို

ပို့စ်တင်ချိန် - 3/25/2014 01:23:00 PM


အစိုးရက လာမယ့်ဧပြီလကစပြီး လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ပြန်ပြီးသုံးသပ်ပေးဖို့ အတွက် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုများအဖွဲ့က  မြို့တော်ခန်းမရှေ့မှာ မနေ့က ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

အောက်ခြေပြည်သူတွေအနေနဲ့ စားဝတ်နေရေးရုန်းကန်နေရချိန်မှာ မီတာခတိုးမြှင့်လိုက်တာဟာ ကုန်ဈေးနှုန်း ကြီးမြင့်လာနိုင်တာကြောင့် ပြည်ထောင်စုအစိုးရက ပြန်ပြီး သုံးသပ်ပေးဖို့ ဆန္ဒပြရတာလို့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုများအဖွဲ့က ကိုသိန်းအောင်မြင့်က အာအက်ဖ်အေ ကိုပြောပါတယ်။

"တိုင်းပြည်မှာ ပြည်သူလူထုက ရုန်းကန်နေရတဲ့အချိန်မှာ ဒီလျှပ်စစ်မီတာခတွေ တိုးမြှင့်လိုက်သည့် အတွက်ကြောင့်ပေါ့နော် ကုန်ဈေးနှုန်းတွေက ထိုက်သလောက်တက်လာမှာ အဲ့ဒီတော့ ကုန်ဈေးနှုန်းဒဏ်ကို ခံစားရမှာက ငါတို့ဆီမှာရှိတဲ့ပြည်သူတွေ ဒါကိုပြန်ပြီးတော့ ပြည်ထောင်စု အစိုးရက ဖြေရှင်းပေးဖို့ လိုအပ်တာဖြစ်သည့်အတွက် မီတာခ ပြန်လည်လျော့ချရေးအတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်၊ နောက်ဆက်တွဲအနေနဲ့ ဒီစက်မှုဇုံမှာပေါ့နော် အလုပ်ရှင်အလုပ်သမား မပြေလည်မှုတွေ အများကြီးရှိတယ်၊ လျှပ်စစ်မီတာခတိုးမြှင့်လိုက်သည့် အတွက်ကြောင့် ဒီနောက်ဆက်တွဲပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်၊ ဒါတွေကိုကျွန်တော်တို့အရမ်းစိုးရိမ်တယ်"

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်တင်သွင်းတဲ့ မီတာခတိုးမြှင့်ကောက်ခံမယ့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် လာမယ့် ဧပြီ ၁ ရက်နေ့က စပြီး တိုးမြှင့် ကောက်ခံ တော့မှာပါ။

အခု အတည်ပြုလိုက်တဲ့ မီတာခ နှုန်းထားတွေကတော့ အိမ်သုံး ယူနစ် ၁ဝဝ အထိ ၁ ယူနစ်ကို ၃၅ ကျပ်၊ ယူနစ် ၂ဝဝ အထိ ကျပ် ၄ဝ၊ ယူနစ် ၂ဝဝ အထက် ကျပ် ၅ဝ နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

စက်မှုနဲ့ စီးပွားရေး လုပ်ငန်းသုံး မီတာတွေအတွက် ယူနစ် ၅ဝဝ အထိ ၇၅ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁ဝဝ ကျပ်၊ ယူနစ် ၅ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်း အထိ ၁၅ဝ ကျပ်နဲ့ ယူနစ် ၂ သိန်းကနေ ၃ သိန်းအထိ ၁၂၅ ကျပ် ဖြစ်ပါတယ်။  ယူနစ် သုံးသိန်းနဲ့ အထက်ကိုတော့ ၁ဝဝ ကျပ် အဖြစ် ပြန်ပြီး လျော့ချ သတ်မှတ် ထားပါတယ်။
အခုလို နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ ၁ ယူနစ်ကို ၅၂ ပြား၊ ၁ နှစ် ကို ကျပ်ငွေ သန်း ၇၇ဝ ရှုံးဦးမယ်လို့ လွှတ်တော်မှာ တွက်ချက်ပြထားကြောင်း သိရပါတယ်။

RFA Burmese