လူမရှိဘဲ နွားနို့ အိုးတည်ထားရာမှ အိမ်သုံးလုံး မီးလောင်မှု ယင်းမာပင်မြို့(က) ရက်ကွက်တွင်ဖြစ်ပွား

ပို့စ်တင်ချိန် - 3/07/2014 09:47:00 AM


ယင်းမာပင် မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ (က) ရပ်ကွက်တွင် မတ်၆ ရက် နံနက် ၁၀ နာရီ ခန့်ကဦးမြင့်လွင်၏ နေအိမ်၌ လူမရှိဘဲနွားနို့ အိုးတည် ထားရာမှ ထရံသို့ကူးစက်လောင်ခဲ့ရာလူနေအိမ်သုံးလုံး၊ နွားစာတဲ တစ်လုံး၊ ဆိတ်ခြံ၊ လူနေအိမ်အဖီနှင့် အတွင်းပစ္စည်းအချို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ဦးမြင့်လွင် ၏ သွပ်မိုး၊ ပျဉ်ကာ၊ ကြမ်းခင်း (၂၄ _ ၁၆)ပေ နှစ်ထပ်၊ ၁၆ ပေပတ် လည်ထန်းရွက် မိုး၊ဝါးကာ မြေစိုက် နွားစာတဲ၊ ၁၆ ပေပတ်လည်ထန်းရွက်မိုး ထရံကာ မြေစိုက် လူနေအိမ်၊ (၂၄ _၁၆) ပေ ကပ်မိုး၊ ထရံကာမြေစိုက် လူနေအိမ်နှင့်၁၆ ပေ ပတ်လည် ဆိတ်ခြံတစ်ခြံ၊(၈_၂၄)ပေ သွပ်မိုး အကာအခင်းမရှိအဖီနှင့်အတွင်းပစ္စည်းကျပ် ၄၅၀၀၀ခန့် ဆုံးရှုံးခဲ့သည်။

နံနက် ၁၀ နာရီ၁၀ မိနစ်က လောင်သောမီးကိုယင်းမာပင်မြို့နယ်မှ မီးသတ် ယာဉ်နှစ်စီး၊ ပုလဲ မြို့နယ်မှ မီးသတ်ယာဉ်တစ်စီး၊ ပုထိုးသာမှ တစ်စီး၊ မုံရွာမြို့မှတစ်စီး၊ ဆားလင်းကြီးမြို့နယ် မိုင်းမှ တစ်စီး စုစုပေါင်း မီးသတ် ယာဉ်ခြောက်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၂၁ ဦး၊ အရန် ၅၀ နှင့် ဒေသခံ ၈၀ကျော် တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာနံနက် ၁၀ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ကာ နံနက် ၁၀ နာရီ မိနစ် ၅၀တွင် မီးလုံးဝငြိမ်း သွားကြောင်း သိရသည်။ မီးလောင်မှုကြောင့် အိမ်သုံးလုံးမှ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မီးလောင်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးမင်း စမ်းအေး၊ ယင်းမာပင်ခရိုင်စီမံခန့်ခွဲ မှုကော်မတီ ဥက္ကဋ္ဌဦးဇော်မျိုးညွန့်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်ဝင်းတို့က ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးကိုပေါ့ဆစွာအသုံးပြုသူ ဦးမြင့်လွင် (၄၄ နှစ်)မွေးမြူရေး လုပ်ငန်းကို ယင်းမာပင်မြို့နယ် ရဲစခန်းက အမှုဖွင့်အရေး ယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar