ဆေးဝါး အလွဲသုံးစွဲခြင်း

ပို့စ်တင်ချိန် - 3/14/2014 10:21:00 AM



ဆေးဝါး အလွဲသုံးစွဲခြင်း

လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။

(၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း

ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီး ရောဂါ ပျောက်မှာ မဟုတ်ဘူး။ ရောဂါကို ဖုံးကွယ် ရှုပ်ထွေး သွားစေလို့ ဆရာဝန်က ကျေနပ်ရုံ စမ်းသပ်ပြီး ကုသရင် လူကို ထိခိုက်စေနိုင် တယ်။ အကိုက်အခဲ ပျောက်ဆေး ဗီနိုအိုင်ဗျူတင်း ကို ကာလကြာစွာ သုံးရင် ဖောရောင်တာ ၊ သွေးအားနည်း တာ ဖြစ်နိုင်တယ်။ အရောင်လျော့ ဆေးကြောင့် ခေါင်းမူးဝေတာ ၊ စိတ်မမှန်တာ ၊ ၀မ်းလျှောတာ ၊ အစာအိမ် နဲ့ အူသွေးထွက်တာ ၊ အစာအိမ် အနာပေါက်တာ ဖြစ်နိုင်တယ်။

(၂) ၀မ်းနုတ်ဆေး အသုံးများခြင်း

ဝမ်းချုပ်တာ ၊ အူရဲ့ လှိုင်းထ လှုပ်ရှားမှု အားနည်းလို့ ဖြစ်တယ်။ အမျှင်များတဲ့ ဟင်းသီး ဟင်းရွက် များများစားပြီး ဖိုင်ဘာဓာတ် ယူမယ့်အစား ၀မ်းနုတ်ဆေးပဲ သုံးတော့ ၀မ်းသွားရဖို့ ခက်တာလယ်။ ၀မ်းနုတ်ဆေး ကာလရှည် သုံးရင် ကိုယ်တွင်း ကယ်လ်စီယမ် နဲ့ ဗီတာမင် ချို့တဲ့ လာတယ်။ တကယ်လိုရင် ၀မ်းချုဆေးတောင့် သုံးတာက ပိုကောင်း ပါတယ်။

(၃) အိပ်ဆေး သုံးစွဲခြင်း

လူငယ်များ အိပ်မပျော်ရင် အိပ်ဆေးသောက် ဖြေရှင်းတတ်တယ်။ ကာလရှည် သုံးစွဲလာရင် ဆေးပမာဏ တက်လာတတ်တယ်။ အကျင့် ပါသွားပြီး ဆေးမသောက် ရင် မအိပ်တော့ဘူး။ ဆေးရပ်ရင် မူးဝေတာ ၊ ပျို့တာ ၊ ကြွက်သား တုန်တာ ၊ အိပ်မပျော်တာ ဖြစ်တယ်။ အိပ်ဆေးကို တစ်မျိုးတည်း မသောက်သင့်ပါ။ လဲလှယ်၍ သောက်ရင် ဆေးနည်းနည်း နဲ့ အိပ်လို့ ရနိုင်မယ်။

(၄) ရောဂါ အမြန်ပျောက်ချင်လို့ ဆေးများရောထွေး ပေါင်းစပ်သုံးခြင်း

ဆေးအမယ် များရင် အာနိသင် ထက်တယ်လို့ ထင်ပြီး ဆေးဆေးချင်း ဓာတ်မတည့်ခြင်း ၊ ဆေးမတိုးခြင်း ၊ တချို့ ကိုယ်တွင်း အင်္ဂါများကို ပိုမို ၀န်ပိစေခြင်း ကြောင့် နောက်ပိုင်းမှာ ရောဂါ ပျောက်ကင်းအောင် ဆေးတိုးဖို့ ခက်လာ တတ်တယ်။

(၅) အားဆေးများ အလွဲသုံးစွဲခြင်း

ရောဂါဖြစ်ရင် ခန္ဓာကိုယ် ချည့်နဲ့မယ်။ ကိုယ်ခန္ဓာ ချည့်နဲ့ရင် အားဆေး လိုတယ် ယူဆပြီး ဆရာဝန် မညွှန်းဘဲ ဈေးကွက်မျာ အလွယ်ရတဲ့ အားဆေး ၀ယ်သောက်တတ် ကြတယ်။ ကိုယ့် အသက်အရွယ် နဲ့ မသင့်တော်ရင် မိသားစုဝင် များထဲ အရွယ် မတိုင်မီ ဖွံ့ဖြိုး လာခြင်းမျိုး ဖြစ်တတ်တယ်။ သမီးလေးမှာ ရင်သားကြီး အပျိုဖော် ၀င်ခြင်း ၊ သားငယ်မှာ နှုတ်ခမ်းမွှေး ထွက်ခြင်းတို့ ဖြစ်တတ်တယ်။

(၆) ပဋိဇီဝဆေး အလွယ်သုံးခြင်း

လူတွေဟာ ကိုယ့် ကျန်းမာရေးကို ဖြေရှင်း တတ်တယ်။ နေမကောင်းတာ ၊ ၀မ်းလျှော ၀မ်းပျက်တာ ၊ ချောင်းဆိုးတာ ကို လမ်းဘေး ဆေးဆိုင် ၊ ကွမ်းယာဆိုင် က စပ်ဆေးကို အသုံးပြု ကြတယ်။ ပျောက်သွားရင် ဆေးပတ်လည် ဖို့ ဝေးစွ ၊ ရပ်ပစ် လိုက်တယ်။ တစ်ခါ ပင်နယ်စလင် ၊ စီဖရန် ၊ အမိုင်နိုဂလိုင် ကိုဆိုက် တို့လို ပဋိဇီဝ ဆေးတွေ ယဉ်ပါး လာတယ်။ နောင် ရောဂါ ဖြစ်ရင် ပဋိဇီဝ မတိုးတဲ့ ရောဂါများ ဖြစ်စေတယ်။

ပဋိဇီဝ ဆေးသုံးစွဲမှု နဲ့ ပတ်သက်ပြီး အတွေးများတဲ့ လွဲချော်မှုများ ၊ ပဋိဇီဝ ဆေး အကျိုး သက်ရောက်မှု အာနိသင် မြန်တယ်။ ကောင်းတယ်လို့ ယူဆပြီး လိုအပ်လာရင် သုံးနိုင်ဖို့ ဆောင်ထား တတ်ကြတယ်။

ပဋိဇီဝ ဆေးဟာ ခန္ဓကိုယ် အတွက် မကောင်းမှန်း သိလို့ ရောဂါ သက်သာလို့ ဆေးကိုရပ်ရင် ဆေးမတိုး နိုင်တော့ဘူး။ ရောဂါ မြန်မြန် ပျောက်ဖို့ ဆေးအမယ် များများထဲမှာ ပိုးသတ်ဆေး လက်လွတ်စပယ် သုံးကာ ရောင်ရမ်း ကိုက်ခဲမှုမှာပါ ပဋိဇီဝဆေး သုံးကြတာ ရှောင်ကြဉ် ရပါမယ်။

(၇) ချောင်းဆိုးပျောက်ဆေး ၊ နှာစေးပျောက်ဆေး ကို အလွယ်တကူ သုံးကြခြင်း

ချောင်းဆိုးခြင်း ၊ နှာစေးခြင်း ကို သာမန် ရောဂါ သတ်မှတ်ပြီး ဆူဒို အဖက်တမင်း သုံးစွဲ တတ်ကြတယ်။ အလွယ်တကူတော့ ပျောက်သွား တတ်ပါတယ်။ အသုံးပြုဖန် များရင် ရောဂါ ပျောက်ချင် တာထက် ဆေးအာနိသင် ကို ပိုမို စွဲလမ်း သွားစေတယ်။ မူးယစ်ဆေးဝါး စိတ်ကြွ စိတ်ကျဆေး အနွယ်ဝင် ဆေးများကို ဆရာဝန် မညွှန်ကြားဘဲ မသောက်သင့်ပါ။

ဆေးဝါး အလွဲ သုံးစွဲခြင်း နဲ့ လက်တွေ့ မြင်ရသမျှ အန္တရာယ် ကို ဖော်ပြ လိုက်ရပါတယ်။

ဒေါက်တာ လွင်သန့် ( ဆေး-၂ )


The MYAWADY Daily