မြကျွန်းသာရှေ့ ရပ်နားထားသော ကားထဲမှ ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ကျောက်မျက်ခိုးယူသူအား သွားရောက်ရောင်းချစဉ် ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 3/27/2014 06:55:00 PM


မင်းသိန်းနိုင်

ဒဂုံမြို့နယ်တွင် ကားပါကင်ထိုးထားသော ကားထဲမှ ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ကျောက်မျက်ရတနာများနှင့် ဒေါ်လာများပါသောအိတ်ကို ခိုးယူသူအား ရွှေဆိုင်တစ်ဆိုင်၌ ကျောက်များလာရောက်ရောင်းချစဉ် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၃ ရက်ည ၈ နာရီခန့်တွင် ဒဂုံမြို့နယ်နေ ဒေါ်.....သည် သူငယ်ချင်းများနှင့်အတူ ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာသို့ မတ်တူးခဲရောင် ကိုယ်ပိုင်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ရေသန့်ဘူးဝယ်ရန်အတွက် ယာဉ်အားကားပါကင်တွင် ခေတ္တရပ်ထားခဲ့ကြောင်း သိရသည်။

ယင်းသို့ရပ်ထားကာ ရေသန့်ဘူးသွားဝယ်ပြီး ပြန်လည်ရောက်ရှိစဉ် ယာဉ်၏နောက်တံခါးမှာ အနည်းငယ် ပွင့်နေသည်ကို တွေ့ရှိခဲ့ရပြီး စစ်ဆေးကြည့်ရာ နောက်ခန်းတွင်ထားခဲ့သော စုစုပေါင်းငွေကျပ် ၁၁၅၃၈၈၀၀၀ တန်ဖိုးရှိ ကျောက်မျက်ရတနာမျိုးစုံ၊ မြန်မာကျပ်ငွေများနှင့် အမေရိကန်ဒေါ်လာများ ထည့်ထားသည့်အိတ်မှာ ပျောက်ဆုံးနေခဲ့ကြောင်း တွေ့ရှိရသဖြင့် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား မရမ်းကုန်းမြို့မရဲစခန်းက (ပ)၈၁/၂၀၁၄ ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ကာ ခိုးယူသူ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပြီး မတ် ၂၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် လူငယ်တစ်ဦးမှာ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ န၀လီရွှေဆိုင်သို့ ရတနာများအား လာရောင်းချနေကြောင်း သတင်းရရှိသဖြင့် ၎င်းအားရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ၎င်းသည် ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့နေ မင်းမင်းဇော် (ခ)မင်းမင်း (၁၇)နှစ်ဖြစ်ကြောင်း သိရပြီး မတ် ၂၃ ရက်တွင် မြကျွန်းသာသို့ သွားရောက်လည်ပတ်စဉ် အဆိုပါ မတ်တူးယာဉ်အနီးသို့ အရောက်၌ ယာဉ်အတွင်း လက်ကိုင်အိတ်ကို တွေ့ရှိခဲ့ရာ တံခါးအားဆွဲကြည့်ပြီး သော့ခတ်ထားခြင်းမရှိကြောင်း သိရသဖြင့် ခိုးယူခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းထံမှ အဆိုပါကျောက်မျက်ရတနာများနှင့် ငွေများအား ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး အခြားခိုးမှုများ ကျူးလွန်ထားခြင်း ရှိမရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

EMG