ကျွဲ၊ နွား ရှားပါးမှုဒဏ်အားကာကွယ်ရန် အမဲသတ်ခွင့်လိုင်စင်အား ဇီဝိတဒါန ကျွဲ၊ နွားအသက်ကယ်ကုသိုလ်တော်မဖွဲ့မှ လေလံယူသွားမည်

ပို့စ်တင်ချိန် - 3/05/2014 07:55:00 PM


ရေကြည်၊ မတ်လ ၅။

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကုန်းပြင်တိုက်နယ်တွင် ကျွဲ၊ နွားများ အသက်ခံရခြင်းနှင့် ကျွဲ၊ နွား များရှားပါးမှုဒဏ်အား ကာကွယ်ရန်အတွက် ကျွဲ၊ နွား သတ်ခွင့်လိုင်စင်အား ရေကြည်မြို့နယ် ကုန်းပြင်တိုက်နယ်လုံးဆိုင်ရာ ဇီဝိတ ဒါန ကျွဲ နွား အသက်ကယ်ကုသိုလ်တော်အဖွဲ့မှ  လေလံယူသွားမည်ဖြစ် ကြောင်း မတ်လ ၅ ရက်နေ့က သိရသည်။

ကုန်းပြင်တိုက်နယ်တွင် လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စတင်ကာ သားသတ်လိုင်စင်များအား ရရှိခဲ့သော်လည်း သားသတ်သည့်နေရာ အတည်တကျမရှိဘဲ သားသတ်ခြင်းလုပ်ငန်းများအား ကန့်သတ်ထက် ကျော်လွန်လုပ်ကိုင် နေခြင်းကြောင့် ကျွဲနွားများ မွေးမှုနှုန်းနှင့်သေဆုံးမှုနှုန်းသည် မမျှတဘဲ ကျွဲနွားဈေးများအဆမတန် မြင့်တက်နေခြင်းကြောင့် ယင်းကဲ့သို့ ဝယ်ယူရခြင်းဖြစ်ကြောင်း ရေကြည်မြို့နယ် ကုန်းပြင်တိုက်နယ်လုံးဆိုင်ရာ ဇီဝိတ ဒါန ကျွဲ နွား အသက်ကယ်ကုသိုလ်တော်အဖွဲ့မှ  ဥက္ကဋ္ဌ ဦးခင်စိုးကပြောသည်။

“အမဲလိုင်စင်ကို လေလံနဲ့ဆွဲဖို့အတွက် ဧရာဝတီ တိုင်းဝန်ကြီးချုပ်အထိ စာတင်ထားတယ် လိုင်စင်ရဖို့အတွက် ရန်ပုံငွေမတည်ပြီး ကျွဲနွားသေဆုံးမှုကို ထိန်းချုပ်သွားမယ်”ဟု ဦးခင်စိုးက ဆိုသည်။

အမဲသတ်ခွင့် လိုင်စင်ကြေးမှာ ကာလ တန်ကြေးအရ ကျပ် သိန်း ၁၅၀၀ ခန့်ရှိပြီး ယင်းလိုင်စင် အား အသင်းသား တစ်ဦးခြင်းစီ၏ တစ်နေ့လျှင် တစ်ရာကျပ်နှုန်းဖြင့် ကောက်ခံကာ ကျွဲနွားများ၏ သေဆုံးမှုအား လျော့သွားမည် ဖြစ်ကြောင်းကိုလည်း ရေကြည်မြို့နယ် ကုန်းပြင်တိုက်နယ်လုံးဆိုင်ရာ ဇီဝိတ ဒါန ကျွဲ နွား အသက်ကယ်ကုသိုလ်တော် အဖွဲ့မှ  သိရသည်။

စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ  ကျွဲနွားသတ်ခွင့်မှာ သုံးရက်လျှင် တစ်ကောက်နှုန်းဖြစ်ပြီး ကျွဲ နွား သက်တန်း ၁၆ နှစ်ကျော်မှသာ သတ်ဖြတ်ခွင့်ရှိသည်ဟု ဆိုသော်လည်း ယင်းမြို့နယ်တွင် ၁၆ အောက်နွားများကို သတ်ဖြတ်ခြင်းသည် တစ်စ တစ်စ ဖြင့် ပိုများလာကြောင်း  ကုန်ပြင်တိုက်နယ်လုံးဆိုင်ရာ အုပ်ချုပ်ရေးမှူး ဦဝင်းအောင်က ပြောသည်။

“ဒီမှာက နွားတွေကို အရမ်းသတ်ကြတာ နေရာကိုအတည်တကျမရှိဘူး ဟိုနားမှာလည်းသတ်တာပဲ ဒီနားမှာ လည်းသတ်တာပဲ တကယ်လို့သားသတ်ခွင့် လိုင်စင်သာ ရရှိခဲ့မယ်ဆိုရင် ဒီရန်တွေကနေကင်းဝေးနိုင်ပြီ” ဟု ဦးဝင်းအောင်က ဆိုသည်။

ကုန်းပြင်တိုက်နယ်လုံးဆိုင်ရာ ဇီဝိတ ဒါန ကျွဲ နွား အသက်ကယ်ကုသိုလ်တော်အဖွဲ့ သည် ကုန်းပြင်၊ လက်ပံ့ပင်၊ ပန်းပုကွင်း၊ ကက္ကူကြီး ၊ ကက္ကူလေး၊ ဂွေးတောက်၊ ဖန်ခါး၊ ကွင်းချောင်း၊ ညောင်ပင်သာ အစရှိသည့်ရွှာများမှ ထူထောင်ထားသည့် အဖွဲ့ဖြစ်ကြောင်းကိုလည်း သိရသည်။

နှင်းနွယ်
The Myanma Age