အရောင်းဝန်ထမ်းကို သိန်း ၁၉၀၀ ကျော်ကို ကိုယ်ကျိုးသုံးဟု အမှုဖွင့်တိုင်

ပို့စ်တင်ချိန် - 3/07/2014 09:20:00 AM


Written by ဇော်ဇော်ထွေး

ရန်ကုန် မဇ္ဈိမ။ ။ အရောင်းဝန်ထမ်းခေါင်းဆောင်က ကုမ္ပဏီမှထုတ်ယူခဲ့သည့် ငွေ သိန်း ၁၉၀၀ ကျော်ကို ကိုယ်ကျိုးအတွက် သုံးစွဲထားသည်ဟု အမှုဖွင့် တိုင်တန်းမှုတစ်ခုကို တာမွေရဲစခန်းက မတ်လ ၅ တွင် အမှုဖွင့် စစ်ဆေးနေသည်။

အမှုကို MDG ကုမ္ပဏီရုံးချုပ်မှ Key Account မန်နေဂျာဖြစ်သူ ဦးမင်းအေးနိုင် ၃၆ နှစ်က အမှုဖွင့် တိုင်တန်းထားသည်။
၎င်းသည် ဖေဖော်ဝါရီ ၂၈ ရက်က ကုမ္ပဏီငွေစာရင်းများ စစ်ဆေးရန်အတွက် ဂမုန်းပွင့်ကုန်တိုက်ရှိ ငွေကောက်ခံမှု အခြေအနေများအား သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။

ထိုအခါတွင် MDG ကုမ္ပဏီမှ အရောင်းဝန်ထမ်းခေါင်းဆောင်ဖြစ်သူ ဦးထွန်းထွန်းလတ် ၃၀ နှစ်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဂမုန်းပွင့်ကုန်တိုက်သို့ ကုန်ကြွေးဖြင့် ဖြန့်ဖြူးရောင်းချခဲ့သည် ကုန်ပစ္စည်းတန်ဖိုးငွေ သိန်း (၁၉၀၄)သိန်းကျော်အား ထုတ်ယူပြီး ကုမ္ပဏီသို့ ပြန်လည်ပေးသွင်းခြင်း မရှိဘဲ ကိုယ်ကျိုးအတွက် သုံးစွဲထားသည်ကို တွေ့ရှိခဲ့ သည်ဟု ရဲစခန်းတွင် တိုင်တန်းထားသည်။

ထို့ကြောင့် ဦးထွန်းထွန်းလတ်အား ငွေအလွဲသုံးစားလုပ်မှုဖြင့် အရေးယူပေးရန် စွတ်စွဲတိုင်တန်းဖြင့် ရဲစခန်းက (ပ)၁၂၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ဖမ်းဆီးစစ်ဆေးနေသည်။
အဆိုပါ တိုင်တန်းခံရသူတွင် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ပြစ်မှုပုဒ်မ ၄၀၈ ငြဖ့် တရားစွဲတင်အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Mizzima Burmese